ခင်ဦး ကံသစ်ရွာရှိ နေအိမ်တွေထဲက ဗုဒ္ဓဆင်းတုတော်တွေကို စစ်ကောင်စီက ဖျက်ဆီးမီးရှို့

ခင်ဦး ကံသစ်ရွာရှိ နေအိမ်တွေထဲက ဗုဒ္ဓဆင်းတုတော်တွေကို စစ်ကောင်စီက ဖျက်ဆီးမီးရှို့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို စစ်တပ်က ၄ ကြိမ်မြောက် မီးရှို့တဲ့အပြင် နေအိမ်တွေထဲက ဗုဒ္ဓဆင်းတုတော်တွေကိုပါ ဖျက်ဆီးသွားတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။

အိမ်ခြေ ၆ဝဝ ဝန်းကျင်ရှိတဲ့ ကံသစ်ရွာကို ဇွန်လ ၄ ရက် နေ့လယ်လောက်မှာ စစ်တပ်ကအင်အား ၁၀၀ လောက်နဲ့ဝင်ကာ ညနေ ၄ နာရီလောက်မှာ မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

"အရင်မီးလောင်ခံရလို့ ပြန်ဆောက်ထားတဲ့ အိမ်အချို့လည်း မီးရှို့ခံရတယ်။ အိမ်ထဲကဘုရားတွေကိုလည်းဖျက်ဆီးသွားတယ်။ အဲရွာက ၄ ကြိမ်မြောက်မီးရှို့ခံရတာ၊ ခုတခါအိမ် ၆၅ လုံးမီးလောင်ခံရတယ်။" လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။ 

မီးရှို့အပြီး စစ်ကောင်စီတပ်ဟာ ကံသစ်ရွာမှာ ညအိပ်ကာ ဇွန်လ ၅ ရက် မနေ့မနက်အစောပိုင်းမှာ ပျူစောထီးအားကောင်းတဲ့ မဒေါင်းလှရွာကို ဝင်ရောက်သွားတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ် ရွာထဲကနေထွက်သွားတာကြောင့် အဲဒီမနက်မှာပဲ ရွာသားတွေ ရွာထဲပြန်ဝင်ကြပေမယ့် မီးဘေးသင့်အိမ်ထောင်စုဝင် ၃၀၀ ဦးလောက်ကတော့ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။

ကံသစ်ရွာကို ပြီးခဲ့တဲ့နှစ် ဇွန်လနဲ့ နိုဝင်ဘာလတို့မှာ ၁ ကြိမ်စီ မီးရှို့ပြီး အခုနှစ်မေလ ၁၉ ရက်နဲ့ ၂၀ ရက်မှာ တတိယအကြိမ်၊ ဇွန်လ ၄ ရက်နေ့မှာ စတုတ္ထအကြိမ်​ စစ်တပ်က မီးရှို့ခဲ့တာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ပထမအကြိမ်မီးရှို့ခံရချိန်က နေအိမ် ၅၂ လုံး၊ ဒုတိယအကြိမ်မှာ ၇ လုံး၊ အခုနှစ်မေလမှာ ၂၀၆ လုံးနဲ့ အခုစတုတ္တအကြိမ်မှာ ၆၅ လုံးစုစုပေါင်း ၃၃၀ လုံးမီးရှို့ခံခဲ့ရတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၁ ရက် မနက်အစောပိုင်းကလည်း စစ်ကောင်စီတပ်ဟာ ခင်ဦးမြို့နယ်၊ ရွာသစ်ရွာကနေအိမ် ၇ လုံးကိုလည်း မီးရှို့ခဲ့ကြပါသေးတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ်က ခင်ဦးမြို့နယ်မှာ ကျေးရွာပေါင်း ၇၄ ရွာကို မီးရှို့ခဲ့ပြီး နေအိမ် ၆၀၀၀ ကျော် မီးလောင်ခံရကာ မီးဘေးသင့်ပြည်သူ ၃ သောင်းကျော် ရှိတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

 

ဓါတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

 

စာတည်း - 007

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ခင်ဦး #ကံသစ်ရွာ #ကိုးကွယ်ယုံကြည်မှု #ဘာသာရေး #စစ်ကောင်စီ #မီးရှို့ #သတ်ဖြတ်မှု #စစ်ဘေးရှောင် #မီးဘေးရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10