ခဏတာအရိပ် (သို့) စစ်ဘေးရှောင်တို့ အားကိုးရာ (ရုပ်/သံ)

တိုက်ပွဲအရှိန်မြင့်တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ဒေသတခုမှာ နေထိုင်မကောင်းဖြစ်ပြီး သွားလာရေးခက်ခဲနေသူတွေအတွက် အားကိုးရာနေရာလေးတခု ရှိနေပါတယ်။ အဲ့ဒီနေရာလေးကတော့ ခဏတာအရိပ်လို့ခေါ်တဲ့ ဆေးရုံတရုံဖြစ်ပါတယ်။ 

ခဏတာအရိပ်ဆေးရုံကို ဒေသခံဆရာဝန်တဦးဖြစ်သူ ကိုဖြိုး က ၂၀၂၂ ဒီဇင်ဘာ ၉ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး စစ်ဘေးရှောင်တွေရဲ့ကျန်းမာရေး ကြည့်ရှုကုသပေးခဲ့ပါတယ်။ ဆေးရုံဆိုတာ ဖျားနာသူတွေရဲ့အားထားရာနေရာဖြစ်ပြီး ခဏတာနားခိုကြတဲ့နေရာမျိုးဖြစ်တာကြောင့် ခဏတာအရိပ်လို့ အမည်ပေးခဲ့တာလို့ သိရပါတယ်။ 

ခဏတာအရိပ်ဆေးရုံကို စဖွင့်ကာစတုန်းက ဆရာဖြိုးအပါအဝင် ဝန်ထမ်း ၅ ဦးနဲ့စတင်ခဲ့ကာ တဖြေးဖြေးနဲ့ ကြည့်ရှုကုသပေးရတဲ့လူနာတွေ များလာတာကြောင့် ကလေးနယ်အခြေစိုက် တပ်ရင်းတပ်ဖွဲ့တွေဆီက ဆေးတပ်သားတွေရဲ့အကူအညီကိုယူပြီး ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ ဆေးရုံတည်ထောင်သူ ဆရာဖြိုးက ပြောပါတယ်။ 

ဒီလိုကြိုးစားရုန်းကန်ရင်းတည်ထောင်ခဲ့တဲ့ ခဏတာအရိပ်ဆေးရုံဟာ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၉ ရက်မှာ ၂ နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဝန်ထမ်း ၅ ယောက်နဲ့စတင်ခဲ့တဲ့ဆေးရုံဟာ အခုဆိုရင် ဆေးရုံဝန်ထမ်းပေါင်း ၂၀ ဝန်းကျင်နဲ့လည်ပတ်နေကာ လူနာပေါင်း ၁၅,၀၀၀ ကျော်ကို ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနိုင်ခဲ့တယ်လို့ ဆေးရုံမှတ်တမ်းတွေက ဖော်ပြနေပါတယ်။ 

ဆေးရုံဖွင့်တဲ့ ၂ နှစ်တာကာလအတွင်း အထိုင်ဆေးရုံအဖြစ်ဖွင့်လှစ်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရင်း ရွေ့လျားပုံစံနဲ့ ဆေးကုရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ 

ဒီလိုအခက်အခဲတွေကြားကပဲ ဆေးကုသမှုတွေပေးရင်း ဆေးရုံမှာလိုအပ်တာတွေကို ဖြည့်တင်းနိုင်ခဲ့တာကြောင့် ၂ နှစ်အတွင်းမှာ ထင်ထားတာထက် ပိုမိုလုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီဒေသက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ သားဖွားကိစ္စရပ်တွေကို အဝေးကြီးသွားစရာမလိုဘဲ ခဏတာအရိပ်ဆေးရုံမှာပင် စနစ်တကျလုပ်ဆောင်နိုင်ပြီလို့ တည်ထောင်သူဆရာဖြိုးက ပြောပါတယ်။ 

အထိုင်ဆေးရုံအဖြစ်သာမကဘဲ စစ်ကောင်စီတပ်ဖွဲ့ရဲ့ပစ်ခတ်မှုတွေကြာင်းမှာ ရွေ့လျားပုံစံနဲ့ပါ စစ်ရှောင်ရွာတွေကို သွားရောက်ကုသပေးတာမျိုးတွေ လုပ်ဆောင်တတ်တာကြောင့် အဲ့ဒီနယ်က စစ်ဘေးရှောင်တွေဟာ ခဏတာအရိပ်ဆေးရုံကို တော်လှန်ဆေးရုံလို့သာ ခေါ်ဆိုကြပါတယ်။ 

ဆေးရုံကို တခြားသူတွေရဲ့ အကူအညီအထောက်အပံ့ယူပြီး ဖွင့်ခဲ့တာမဟုတ်တာကြောင့် ဆေးရုံဖွင့်စ ပထမနှစ်ပိုင်းမှာ ဆေးရုံပုံမှန်လည်ပတ်ဖို့ အခက်အခဲတွေရှိခဲ့ပါတယ်။ စစ်ကောင်စီစစ်ကြောင်းရန်ကြောင့် ဆေးရုံကို ပစ်ထားပြီးထွက်ပြေးရတဲ့နေ့မျိုးတွေလည်း ရှိခဲ့တယ်လို့ ဆရာဖြိုးကပြောပါတယ်။ 

 ကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုးမှုရှိလာတဲ့ ၂၀၂၄ နောက်ပိုင်းကာလတွေမှာ အရင်လိုလက်နက်ကြီးသံ မကြားရတော့ဘဲ ဆေးရုံကိုလူနာတွေ အေးအေးလူလူလာရောက် ကုသနိုင်ကြပြီလို့သိရပါတယ်။ 

စတင်တည်ထောင်စဉ်က စစ်ဘေးသင့်တဲ့ဒေသကပြည်သူတွေတွက် ကျန်းမာရေးပိုင်းဖြည့်ဆည်းပေးသူမရှိတာကြောင့် ကွက်လပ်ဖြည့်ရုံလောက်သာ ရည်ရွယ်ခဲ့ပါတယ်။ ယခုအခါမှာတော့ ပုံမှန်ကူညီပေးတဲ့အလှူရှင်တွေရှိလာသလို ဆေးရုံဝန်ထမ်းတွေလည်း အားကောင်းလာတာကြောင့် ကလေးနယ် တောင်ပေါ်အရပ်က စစ်ရှောင်တွေရှိတဲ့ အနီးနားဝန်းကျင် ရွာတွေကပါ ယုံကြည်အားထားရာ ဆေးရုံတခု ဖြစ်လာနေပြီ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်ဇော်

#မြေလတ်အသံ

#ကလေး #ခဏတာအရိပ် #စစ်ဘေးရှောင် #ဆေးရုံ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10