ခမရ ၁၀၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်အောင် ကချင်ပြည်နယ်မှာ တိုက်ပွဲကျသေဆုံး

ခမရ ၁၀၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်အောင် ကချင်ပြည်နယ်မှာ တိုက်ပွဲကျသေဆုံး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့အခြေစိုက် အမှတ် ၁၀၃ ခြေမြန်တပ်ရင်း(ခမရ ၁၀၃) တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး သက်အောင်အောင် တိုက်ပွဲကျသေဆုံးသွားတယ်လို့ မကွေးတပ်မ ၈၈ နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ခမရ ၁၀၃ ဟာ မကွေးမြို့အခြေစိုက် အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ်(တမခ ၈၈) ရဲ့ နည်းဗျူဟာ ၈၈၂ လက်အောက်ခံတပ်ရင်းဖြစ်ပြီး လက်ရှိမှာ ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးဝင်ရောက်နေရတာဖြစ်ကာ  အောက်တိုဘာ ၁၃ ရက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ ၁၀၃ တပ်ရင်းမှူး တိုက်ပွဲကျတယ်ဆိုတာပဲ သိရတယ်။ အခု ရှေ့တန်းကွပ်ကဲမှုတွေက သူ့တပ်မနဲ့ သူ့တပ်ရင်းနဲ့မဟုတ်တော့ မူလတပ်မက ဖြစ်စဉ်အသေးစိတ်မသိရဘူး။ သေတယ်ဆိုတာလောက်ပဲ သိရတယ် “ လို့ မကွေးမြို့အခြေစိုက် တပ်မ ၈၈ သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရပြီးတဲ့နောက် အောက်တိုဘာ ၁၀ ရက်နေ့က စတင်ကာ မိုးမောက်မြို့နယ်၊ လိုင်လွမ်အောင်ဂျာကျေးရွာအနီးမှာ တပ်မ ၈၈ လက်အောက်ခံစစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ကချင်ဒေသတွင်းသတင်းတွေမှာလည်း ဖော်ပြထားပါတယ်။

သေဆုံးသွားတဲ့ ဒုဗိုလ်မှူးကြီး သက်အောင်အောင်ဟာ စစ်တက္ကသိုလ် DSA အပတ်စဉ် ၄၅ ဆင်း စစ်ကောင်စီတပ်အရာရှိတဦးဖြစ်ကာ လူမှုကွန်ယက်မှာပြန့်နှံ့နေတဲ့ နာရေးဖိတ်စာအရ ခမရ ၁၀၃ တပ်ရင်းမှူး ရှေ့တန်းစစ်ဆင်ရေးမှာကျဆုံးခဲ့ကြောင်း၊ သေဆုံးချိန်မှာ ဇနီးနဲ့သမီး ၁ ဦးကျန်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်မှာလည်း မကွေးမြို့အခြေစိုက် တပ်မ ၈၈ လက်အောက် တပ်ရင်း တွေဖြစ်တဲ့ ခမရ ၃၀၁ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်း စစ်တိုက်ရန်ငြင်းဆန်မှု၊ ခမရ ၃၁၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေယံ လည်း စစ်ဆင်ရေးအမှု၊ တာဝန်ရှိမှုတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံခဲ့ရတယ် လို့  တပ်မ ၈၈ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပုံစာ - တောင်တွင်းကြီးမြို့ရှိ ခမရ ၁၀၃ တပ်ရင်းအဝင်ဂိတ်။ (ပုံဟောင်း)

#မြေလတ်အသံ

#မကွေး #တောင်တွင်းကြီး #ခမရ၁၀၃ #တပ်မ၈၈ #တပ်ရင်းမှူး #တိုက်ပွဲကျ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10