ခမရ - ၁၅ ထဲကို စစ်ကောင်စီအရာရှိတွေ ရောက်နေချိန် ဗုံးကြဲလို့ သေဆုံးမှုရှိဟုဆို

ခမရ - ၁၅ ထဲကို စစ်ကောင်စီအရာရှိတွေ ရောက်နေချိန် ဗုံးကြဲလို့ သေဆုံးမှုရှိဟုဆို

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံနယ်ရှိ ခမရ ၁၅ တပ်တွင်းကို မေလ ၃၁ ရက်နေ့လယ်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် - ၄ တပ်ရင်း၊ Natogyi People Defence Force (NPDF) ဆီက သိရပါတယ်။

စစ်ကောင်စီအရာရှိတွေက ရဟတ်ယာဥ်နှစ်စင်းနဲ့ မြင်းခြံသံမဏိစက်ရုံကို စစ်ဆေးကြည့်ရှု့ဖို့ လာရောက်ရာကနေ ခမရ ၁၅ တပ်တွင်းကို ခေတ္တဝင်နေချိန်မှာ တိုက်ခိုက်ခဲ့တာလို့ Natogyi People Defence Force တာဝန်ခံဗိုလ်လင်းယုန်က မြေလတ်အသံကိုပြောပါတယ်။

"ဒုချုပ်-စိုးဝင်း ပါတယ်လို့ကြားတယ်။ သံမဏိစက်ရုံ စစ်ဆေးဖို့လာတာ။ ရဟတ်ယာဥ်နှစ်စင်းနဲ့ လာပြီးတော့ ခမရ ၁၅ ထဲ အရင်ဆင်းတယ်။ အဲ့အချိန်မှာ ကျနော်တို့ကဒရုန်းနဲ့ဗုံး ၄ လုံးချခဲ့တာပါ။ စစ်သား ၇ ဦးသေတယ်။ ၈ ဦးဒဏ်ရာရတယ်” လို့ ပြောပါတယ်။

ဒီထိခိုက်သေဆုံးမှုကို တပ်တွင်းသတင်းပေးတွေရဲ့ ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တယ်လို့ ပြောပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

မေလ ၂၈ ရက်ကတည်းက မြင်းခြံ-ပုဂံ၊ မြင်းခြံ-တောင်သာ၊ မြင်းခြံ-နွားထိုးကြီး၊ မြင်းခြံ-မြို့သာ စတဲ့လမ်းပိုင်းတွေမှာ စစ်ကောင်စီက ကင်းပုန်းတွေချထားသလို စစ်သားအင်အား တိုးမြှင့်ထားတာတွေအပြင် မြို့တွင်းမှာလည်း စစ်ကားလေးစီးနဲ့ ကင်းပတ်တာတွေလုပ်ခဲ့တယ်လို့ ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Natogyi People Defence Force - မြင်းခြံခရိုင် တပ်ရင်းအမှတ် ၄ နဲ့အတူ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၁၊ အမှတ် ၃၊ အမှတ် ၈၊ Myingyan District Drone Strike Team မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက်ညနေပိုင်းမှာလည်း နွားထိုးကြီးမြို့နယ်၊ လျှော်ဖြူကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ရာ စစ်သားထိခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။ 

 

စာတည်း - လင်း

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #ခမရ ၁၅ #ဗုံးကြဲ #သေဆုံးမှုရှိ #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10