ခမ်းပတ်မြို့သိမ်းတိုက်ပွဲမှာ စစ်တပ်က ၁၀ ဦးကျော်သေဆုံး

ခမ်းပတ်မြို့သိမ်းတိုက်ပွဲမှာ စစ်တပ်က ၁၀ ဦးကျော်သေဆုံး

စစ်ကိုင်းတိုင်းထဲက ခမ်းပတ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူ ၁၀ ဦးကျော်ရှိတယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေရဲ့ တာဝန်နဲ့ တပ်ဖွဲ့ကို စိစစ်နေဆဲဖြစ်ကာ အားလုံးဟာ စစ်သားနဲ့ ရဲတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ခမ်းပတ်မြို့သိမ်းတိုက်ပွဲမှာ အရပ်သားသေဆုံးမှု မရှိခဲ့ဘူးလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။ 

“အခုတော့ မြို့ထဲတိတ်ဆိတ်နေတယ်။ ခမ်းပတ်မြို့ကို အထူးတပ်ရင်း တမူးခရိုင်-တပ်ရင်း ၂ နဲ့ မဟာမိတ်တပ်ဖွဲ့ တွေက ထိန်းချုပ်ထားပါတယ်“ လို့ မြို့နယ်ပအဖအဖွဲ့ဝင်တဦးက  ပြောပါတယ်။

ခမ်းပတ်မြို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၃ ရက်ကစတင်ကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေကြောင်းပစ်ကူရှိခဲ့ပေမယ့် နိုဝင်ဘာ ၇ ရက် နေ့လယ် ၁၂ နာရီမှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

စစ်ရှောင်ဦးရေ သုံးထောင်ကျော်ရှိပြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။ 

နိုဝင်ဘာ ၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက သိမ်းယူနိုင်ခဲ့ပြီး ခမ်းပတ်မြို့ဟာ စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းယူခဲ့တဲ့ ဒုတိယမြောက်မြို့ ဖြစ်လာပါတယ်။ 

ခမ်းပတ်မြို့ဟာ ကလေးနဲ့ တမူးမြို့ကြားက အာရှလမ်းမပေါ်မှာတည်ရှိတဲ့ မြို့တမြို့လည်းဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့နဲ့ ခမ်းပတ်မြို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ 

ပုံစာ - ခမ်းပတ်မြို့မြင်ကွင်း။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ခမ်းပတ်မြို့ #မြို့သိမ်းတိုက်ပွဲ #စစ်ကောင်စီ #သေဆုံး #ပကဖ #NUG #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10