ခရိုင်အုပ်ချုပ်ရေးမှူးရုံး ဆောက်ဖို့ဆိုပြီး အရက်‌ဆိုင်နဲ့ KTV ကနေ ပိုက်ဆံလိုက်တောင်းနေ

ခရိုင်အုပ်ချုပ်ရေးမှူးရုံး ဆောက်ဖို့ဆိုပြီး အရက်‌ဆိုင်နဲ့ KTV ကနေ ပိုက်ဆံလိုက်တောင်းနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်မှာ ခရိုင်အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်စရိတ်ဆိုကာ မေ ၃၀ ရက် ဒီမနက်မှာ အရက်ဆိုင်တွေနဲ့ KTV တွေဆီကို အထွေထွေအုပ်ချုပ်‌ရေးဌာနက ပိုက်ဆံလိုက်တောင်းနေတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

အရက်ဖြူဆိုင်တဆိုင်ကို ကျပ်သုံးသောင်း၊ အရက်ဘီယာနဲ့ တွဲဖက်ရောင်းချတဲ့ စားသောက်ဆိုင် တဆိုင်ကို ကျပ် ငါးသောင်းနဲ့ KTV တွေကို ကျပ်တသိန်းခွဲစီ တောင်းခံနေတာလို့ ပြောပါတယ်။

နတ်တလင်းမြို့နယ်မှာ အရက်ဖြူဆိုင် ၂၀၀ ကျော်၊ အရက်နဲ့ တွဲဖက်ရောင်းချတဲ့ စားသောက်ဆိုင် ၁၀၀ ကျော်နဲ့  KTV ၄ ခုထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။

“ခရိုင်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်စရိတ်နဲ့ ဆောက်ပြီးသွားလို့ အပ်လို့တောင်ပြီးသွားပြီ။ အဲ့ဒါကို ခရိုင်အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်စရိတ်ဆိုတာကတော့ လုပ်စားတာလို့ပဲ မြင်တယ်။ သူတို့ လက်အောက်ကဆိုပြီး အနိုင်ကျင့်တောင်းနေတာ ဘယ်သူကငြင်းဝံ့မလဲ ပေးရတာပေါ့” လို့  မြို့ခံတဦးက ပြောပါတယ်။

အရက်ဖြူဆိုင်နဲ့ အရက်တွဲဖက်ရောင်းချတဲ့ စားသောက်ဆိုင်တွေဟာ သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်‌ရေးမှူးရုံးမှာ တနှစ်တကြိမ် ငွေသွင်းကာ အရက်‌ရောင်းချခွင့်လိုင်စင်ယူ ရောင်းရတဲ့ ဆိုင်တွေ ဖြစ်သလို KTV ဟာလည်း ထွေအုပ်ရဲ့ထောက်ခံချက်နဲ့  ဖွင့်ခွင့်ပြုတာလို့  ဆိုပါတယ်။

နောက်ထပ်လုပ်ငန်းရှင်တဦးကလည်း အရက်ဆိုင်တွေကို ထွေအုပ်က ငွေကောက်ခံကာ လိုင်စင်ထုတ်ပေးပေမယ့် တာဝန်ခံမှု တာဝန်ယူမှု မရှိဘူးလို့ ဆိုပါတယ်။

“လိုင်စင်အမျိုးအစားအလိုက် ငွေသွင်းရတာလည်း သိန်းဆယ်ချီပေးရတယ်။ ခုလည်း ထပ်တောင်းတယ်။ အရက်ပုန်းဆိုင်တွေကျတော့ ဖမ်းပေးတာမျိုး မရှိဘူး။ အရမ်းနစ်နာရတယ်“လို့  ပြောပါတယ်။

ပြီးခဲ့တဲ့  မေ ၂၃ ရက်ကလည်း နတ်တလင်းမြို့နယ် တောင်ညိုဆည် စက်လှေဂိတ်မှာတပ်စွဲထားတဲ့ ဗိုလ်မှူးနိုင်ဝင်းထွန်းဟာ တောင်ညိုဆည်ကို အမှီပြုနေတဲ့ ဒေသခံငါးအဝယ်ဒိုင် ၉ ဒိုင်ဆီက ကျပ် လေးသိန်းနဲ့ ကုန်စုံ ၄ ဆိုင်မှာ တဆိုင်ကို ကျပ် ၂ သိန်းခွဲစီ တောင်းယူခဲ့ပါသေးတယ်။

နတ်တလင်းမြို့နယ်ကို စစ်ကောင်စီက ၂၀၂၂ ဧပြီ ၃၀ ရက်မှာ ပြည်ထဲရေးဝန်ကြီးဌာနကနေ ခရိုင်အဖြစ်တိုးချဲ့တဲ့ မြို့နယ်ထဲမှာပါဝင်ပြီး ယခင် သာယာဝတီခရိုင်ထဲက နတ်တလင်း၊ ဇီးကုန်းနဲ့  ပြည်ခရိုင်ထဲက ပေါင်းတည်နဲ့  သဲကုန်းမြို့နယ်တို့ကို ထုတ်ကာ  နတ်တလင်းခရိုင်အဖြစ် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ပုံစာ - နတ်တလင်းခရိုင်ရုံးဖွင့်ပွဲကို တွေ့ရစဉ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #နတ်တလင်း #ခရိုင်အုပ်ချုပ်ရေးမှူးရုံး #ဆောက်လုပ် #ငွေတောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10