သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးသွားတယ်လို့ Burma Revolution Rangers တပ်ဖွဲ့ဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၈ ရက် မနေ့က မွန်းလွဲ ၂ နာရီလောက်မှာ ခလရ ၂၅၂ တပ်ထဲအထိ တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ် အောင်ခီးနဲ့ တပ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အပြန်အလှန်ပစ်ခတ်မှု ၅ မိနစ်ခန့်ဖြစ်ပွားခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က တိုက်ခိုက်ရေးနဲ့ စခန်းမှူးတာဝန်ယူထားတဲ့ အသက် ၂၃ နှစ်အရွယ် ရဲဘော်ကာဗွန် သေဆုံးကာ ရဲဘော် Joker ကတော့ တင်ပါး ထိမှန်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ တပ်ကို ဝင်ရောက်ပစ်ခတ်ဖို့ အချိန် ၂ လခန့် ပြင်ဆင်ခဲ့ရတာလို့ Burma Revolution Rangers တပ်ဖွဲ့ခေါင်းဆောင် ကိုကာတွန်းက ဆိုပါတယ်။
“တပ်ကြပ် ၁ ဦးကတော့ ကျနော်တို့ ပစ်ခတ်နေစဉ်အတွင်း ဦးခေါင်းမှန်ပြီး လဲကျသွားတာ။ ကျန် ၁ ဦးကတော့ ကျနော်တို့ ၆၀ မမနဲ့ပစ်တာ ထိမှန်သွားတယ်။ ကျနော်တို့ဘက်က ဒဏ်ရာရတဲ့ ရဲဘော်က မစိုးရိမ်ရပါဘူး။ ကျသွားတဲ့ စခန်းမှူးကတော့ ၄ ၊ ၅ ချက်လောက် မှန်သွားတာ ရင်ဘတ်တွေ၊ ဗိုက်တွေ။” လို့ သူက ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီးနောက် ပြန်လည်ဆုတ်ခွာချိန် စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပြန်လည်ပစ်ခတ်ခဲ့လို့ စခန်းမှူးကာဗွန်ရဲ့ ရုပ်အလောင်းကို မကောက်နိုင်ခဲ့သလို သူကိုင်ဆောင်တဲ့ လက်နက် ၁ လက်လည်း ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“သူလဲကျသွားတဲ့အချိန် သူ့ရဲ့ ခန္ဓာကိုယ်ရော၊ သူ့မှာပါတဲ့လက်နက်ရော သွားပြီးဆွဲသေးတယ်။ လက်နက်ကတော့ ဘယ်လိုမှ ဆွဲမရလို့ ရုပ်အလောင်းကိုဆွဲတယ်၊ ဆွဲပြီး ဂိတ်အပြင်နားထိရောက်ခါနီးမှာ ဘယ်လိုမှ ဆွဲမရတဲ့ အခြေနေမလို့ ပြန်ပြီးတော့ လွှတ်ချခဲ့ရတာ။ ရန်သူနဲ့ ကျနော်တို့ရဲ့အကွာအဝေးကလည်း လက်တကမ်းပဲရှိတာ။ ရန်သူဘက်က တအားဖိပစ်တော့ မခုခံနိုင်ဘဲ ပြန်ဆုတ်ခဲ့ရတယ်။” လို့ ကိုကာတွန်းက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အခုလိုရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခံရတဲ့အတွက် စခန်းထဲမှာ လူအင်အား ထပ်မံဖြည့်တင်းထားသလို တပ်မ ၁၀၁ နဲ့ နီးတဲ့ရွာတွေဖြစ်တဲ့ ချောက်ကန်၊ လက်ပကန်၊ လယ်ယာ၊ ကျွန်းညို၊ ရွာသစ်၊ ကိုးပင် အစရှိတဲ့ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရဲဘော်ကာဗွန်ရဲ့ ရုပ်အလောင်းကို ပြန်မရတဲ့အတွက် သက်ပျောက်ဆွမ်းသာပြုလုပ်ပေးထားပြီး ရက်လည်နေ့မှ တခါတည်းအမိန့်ပြန်တမ်း၊ သင်္ဂြိုဟ်ကိစ္စကို လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီလလောက်ကလည်း Burma Revolution Rangers တပ်ဖွဲ့ဝင်တချို့ဟာ တပ်မ ၁၀၁ ရှေ့ကို မိုင်းသွားချစဉ် မိုင်း Error ဖြစ်ပြီး ကျဆုံးခဲ့ပါသေးတယ်။
ပုံစာ - Burma Revolution Rangers မှ တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (ပုံဟောင်း)
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #ပခုက္ကူမြို့ #ခလရ၂၅၂#စစ်ကောင်စီ #BurmaRevolutionRangers
Share Share Share