ခလရ -၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသူရိန်က စစ်ဆေးရေးဂိတ်မှ ရငွေအားလုံး မိန်းမထံ အပ်နှံခိုင်း

ခလရ -၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသူရိန်က စစ်ဆေးရေးဂိတ်မှ ရငွေအားလုံး မိန်းမထံ အပ်နှံခိုင်း

ခလရ ၁ တပ်ရင်းမှူးက စစ်ဆေးရေးဂိတ်မှာ ကောက်လို့ ရသမျှပိုက်ဆံတွေကို သူ့မိန်းမဆီ အပ်ခိုင်းတယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်တဦးဆီက သိရပါတယ်။

 

ပဲခူးတိုင်းအနောက်ခြမ်း တပ်မ ၆၆ လက်အောက်ခံ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာ အခြေစိုက် အမှတ် ၁ ခြေလျင်တပ်ရင်း (ခလရ -၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသူရိန်က ပဲခူးရိုးမတောင်ခြေ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ အောက်ခြေစစ်သားတွေကို အမိန့်ပေးထားတာလို့ ဆိုပါတယ်။

"ရိုးမကနေသယ်လာတဲ့ သစ်ကား ဝါးကား သစ်လှည်း ဝါးလှည်းတွေနဲ့ ဆိုင်ကယ်တွေဆီကနေ ငွေတောင်းခိုင်းတာ။ တင်လာတဲ့သစ်၊ ဝါးအပေါ် မူတည်ပြီး ၅ ထောင်ကနေ ၁ သောင်းအထိတောင်းတယ်။ မပေးနိုင်ရင် ပီဒီအက်ဖ်ဆိုပြီး တံဆိပ်ကပ်တယ်" လို့ တပ်တွင်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။

နေ့စဉ်တောင်းရငွေကိုတော့ တပ်ရင်းမှူးကတော်က စစ်သားတွေကိုဂိတ်မှာ သွားယူခိုင်းပြီး တောင်းလို့ရတာနည်းရင် ဆဲဆိုတာတွေလည်းလုပ်တယ်လို့ ဆိုပါတယ်။

မင်းလှမြို့နယ်၊ ပဲခူးရိုးမတောင်ခြေက ဆင်အိုင်၊ သင်အိုင်၊ ကျွဲတဲကုန်း စတဲ့ဂိတ်တွေမှာတာဝန်ကျတဲ့ စစ်သားတွေကို တပ်ရင်းမှူးက အထက်အမိန့်နဲ့ ဖုန်းဆက်တောင်းခိုင်းတာ ဖြစ်ပါတယ်။

အဲ့ဒီလို စစ်ဆေးရေးဂိတ်တွေမှာ ပိုက်ဆံတောင်းရသူတွေထဲမှာ ဒုအရာခံဗိုလ် နဲ့ တပ်ကြပ် ရာထူးရှိသူတွေလည်းပါဝင်ပြီး ဂိတ်မှာ ပိုက်ဆံတောင်းတဲ့တာဝန်မလုပ်ချင်ရင် ရှေ့တန်းကို ပို့မယ်လို့ တပ်ရင်းမှူးဇနီးက ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။

ခလရ ၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသူရိန်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလကုန်က ကရင်နီပြည်နယ်မှာ PDF တွေမိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ ကျဆုံးခဲ့တဲ့ တပ်ရင်းမှူးကျော်ဇေယျနေရာမှာ တာဝန်ယူခဲ့သူဖြစ်ပြီး စတင်တာဝန်ယူချိန်ကစလို့ အဲဒီဂိတ်တွေကနေ ငွေတောင်းခိုင်းတာဖြစ်တယ်လို့ ပြောပါတယ်။

စစ်ဆေးရေးဂိတ်က ကောက်လို့ရတဲ့ငွေတွေကို တပ်ရင်းမှူးကတော်ကိုအပ်ရပြီး တပ်တွင်းက အောက်ခြေအဆင့် တပ်သားတွေရဲ့ မိသားစုဝင်တွေဟာ တပ်ရင်းမှူးကတော်ဆီက ချေးထားတဲ့ ငွေတွေကို ၃၀ ကျပ်အတိုးနဲ့ ဆပ်နေရတာတွေ ရှိနေပါတယ်။

တပ်တွင်းမိသားစုတွေအနေနဲ့ စားဝတ်နေရေးမပြေလည်လို့ တပ်ရင်းမှူးကတော်ဆီက အတိုးနဲ့ ငွေချေးပြီး ပြန်ဆပ်ရတာအပြင် တပ်တွင်းဖြတ်တောက်ငွေတွေကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

စာတည်း- ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10