ခလရ ၂၅၆ ကထွက်လာတဲ့ကားတွေ ၃ ကြိမ်တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိနိုင်

ခလရ ၂၅၆ ကထွက်လာတဲ့ကားတွေ ၃ ကြိမ်တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိနိုင်

မကွေးတိုင်း၊ ရေစကြိုအခြေစိုက် ခလရ  ၂၅၆ ကထွက်လာတဲ့ စစ်ကောင်စီကားတွေကို မေလ ၂၅ ရက် မနေ့ကတရက်တည်းမှာ ၃ ကြိမ် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ ရေစကြိုပကဖက သတင်းထုတ်ပြန်ထားပါတယ်။

စစ်သားအင်အား ၆၀ လောက် တင်လာတဲ့ ဖောကား ၂ စီးကို မနက် ၁၀ နာရီ ၁၅ မိနစ်နဲ့ ညနေ ၂ နာရီခွဲလောက်မှာ တိုက်ခိုက်ခဲ့ပြီး၊ စစ်ကူလိုက်လာတဲ့ နောက်ထပ်ဖောကားတစီးကိုတော့ မနက် ၁၀ နာရီခွဲလောက်မှာ တိုက်ခိုက်ခဲ့တာလို့ ရေစကြိုပကဖမှ ရဲဘော်ဝေကြီးက ပြောပါတယ်။ 

"ဖောကား ၂ စီးက တပ်ထဲကထွက်လာတာကို ပထမတကြိမ်က အောင်မိုး လမ်းဆုံနားကနေ မိုင်းဆွဲလိုက်တာ၊ ၁၅ မိနစ်လောက်ကြာတော့ ခလရ ၂၅၆ တပ်ထဲကနေ စစ်ကူတစီးထွက်လာလို့ မြေဖြူရွာနဲ့ ရွာငယ်ရွာကြားကနေ ပဒေသာမိုင်းနဲ့ထပ်ဆွဲတာ၊ ၂ ကြိမ်ပေါင်း ၃ ဦးလောက် ဒဏ်ရာရပြီး(၃ ကြိမ်ပေါင်း) ၈ ဦးလောက် ထိခိုက်ဒဏ်ရာရသွားတာလို့ ပြောပါတယ်"လို့ ဆိုပါတယ်။  

အဲဒီကား ၂ စီးဟာ ရှေ့ဆက်မတိုးဘဲ သေဆုံးစစ်သားနဲ့ ဒဏ်ရာရသူတွေကိုတင်ကာ တပ်ထဲကို ပြန်မောင်းချိန် ညနေ ၂ နာရီခွဲလောက်မှာ ရေစကြိုမြို့အဝင် ငါးမွေးမြူရေးကန်အနီးကနေ ထပ်မံမိုင်းဆွဲခဲ့တာလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုချက် မရရှိပါဘူး။ 

အဲဒီတိုက်ခိုက်မှုမှာ ပဒေသာမိုင်းတွေအသုံးပြုခဲ့ပြီး ပထမအကြိမ်မှာ ၈ လုံးတွဲ၊ ဒုတိယအကြိမ် ၁၅ လုံးနဲ့ တတိယအကြိမ်မှာ ၆ လုံးတွဲ ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့မေလ ၂၄ ရက် ည ၁၀ နာရီလောက်ကလည်း ရေစကြိုမြို့နယ်၊ ဟင်္သာရွာကနေ ရပ်သာရွာကို ကင်းလှည့်ဖို့သွားတဲ့ စစ်သား ၅ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ ရေစကြို ပကဖဆီက သိရပါတယ်။ 

ပုံစာ - ရေစကြို ပကဖ တပ်ဖွဲ့ဝင်များ။

စာတည်း - လင်း

#မြေလတ်အသံ

#မကွေး #ရေစကြို #ပကဖ #ခလရ၂၅၆ #မိုင်းဆွဲ #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10