ခလရ ၂၅၈ တပ်က ထွက်လာတဲ့ စစ်ယာဥ်တန်း မိုင်းဆွဲခံရ

ခလရ ၂၅၈ တပ်က ထွက်လာတဲ့ စစ်ယာဥ်တန်း မိုင်းဆွဲခံရ

မကွေးတိုင်း၊ ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၈ တပ်ထဲက ထွက်လာတဲ့ စစ်သားတွေကို ဖေဖေါ်ဝါရီလ ၂၃ ရက် မနေ့ကနေ့လယ်ပိုင်းမှာ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။ 

အိမ်စီးကား ၃ စီးအပြည့်နဲ့ ရေစကြိုမြို့ထဲကို ဝင်လာချိန် နေ့လည် ၁ နာရီဝန်းကျင်လောက်မှာ ပဒေသာမိုင်း ၃ လုံးတွဲ ၂ ဆိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"သူတို့ရဲ့တပ်ထဲကနေ ထွက်လာပြီး ရေစကြိုမြို့ထဲကို ဝင်လာတာမှာ စိုက်ပျိုးရေးခြံနားအရောက်မှာ တိုက်ခိုက်ခဲ့တာပါ။ ကား၂ စီးက ထိုးရပ်သွားပြီး ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်နေပါတယ်။ ကား ၂ စီးကိုလည်း ပြန်ပြင်နေတာ တွေ့လိုက်ရတယ်" လို့ ရေစကြိုပကဖမှ တာဝန်ခံ ရဲဘော်ဝေကြီးက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သားတွေဘက်က ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေပြီး ကာကွယ်ရေး ရဲဘော်တွေဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။ 

ရေစကြိုမြို့နယ် ပ.က.ဖအဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၄ ရက်လည်း ရေစကြိုမြို့နယ် အထက - ၁ ကျောင်းရှေ့မှာ စောင့်နေတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ရေစကြိုနယ်အတွင်းမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီတပ်သားတွေ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေး ဒလန်ဆိုသူတွေကို မကြာခဏ ရှင်းလင်းတိုက်ခိုက်နေသလို စစ်ကောင်စီတပ်တွေဘက်ကလည်း ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့တာ၊ ဒေသခံပြည်သူတွေကို မထင်ရင် မထင်သလို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်လျှက် ရှိနေပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10