ခိုးသန်းရွာက နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

ခိုးသန်းရွာက နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊ ခိုးသန်းရွာက နေအိမ် ၁၀၀ ကျော်ကို စစ်ကောင်စီတပ်သားတွေက မတ် ၁ ရက် ဒီနေ့မနက် ၅ နာရီကျော်လောက်မှာ မီးရှို့ဖျက်ဆီးသွားတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

မင်းတဲရွာကနေ အင်အား ၃၀ ဝန်းကျင်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဲဒီရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ခိုးသန်းရွာထဲကို လက်နက်ကြီးလက်နက်ငယ်တွေ ပစ်ဖောက်ဝင်ရောက်လာတဲ့အပြင် နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

“ရွာသားတွေ ကြိုတင်ရှောင်နိုင်ခဲ့လို့ ဖမ်းဆီးခံရတာတွေ၊ သတ်ဖြတ်ခံရတာတွေ မရှိလိုက်ဘူး။ သူတို့ (စစ်ကောင်စီ)က ထိတွေ့တိုက်ပွဲတွေလည်း မရှိဘဲနဲ့ အကြောင်းမဲ့ ကျေးရွာတွေကို မီးရှို့မှုတွေ ပြုလုပ်နေတာ” လို့ မုံရွာမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ခိုးသန်းရွာကို မီးရှို့ပြီး မနက် ၆ နာရီလောက်မှာတော့ အဲဒီစစ်ကြောင်းဟာ ကျေးရွာထဲကပြန်ထွက်သွားပြီး ခိုးသန်းရွာကြားနဲ့ မင်းတဲရွာထဲမှာ ပျောက်နေသလို သပြေတောကျေးရွာမှာလည်း နောက်ထပ် စစ်ကောင်စီအင်အား ၂၀ ခန့်ရောက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

အဆိုပါ စစ်ကြောင်းဟာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတာဖြစ်ပြီး အဲဒီနေရာနဲ့ အနီးတဝိုက်မှာရှိတဲ့  ကျေးရွာတွေကို စစ်ကြောင်းထိုးကာ နေအိမ်တွေကို လိုက်လံ မီးရှို့ဖျက်ဆီးနေတယ်လို့လည်း သိရပါတယ်။

အိမ်ခြေ ၄၀၀ ခန့်ရှိတဲ့ ခိုးသန်းရွာဟာ အခုလိုမီးရှို့ခံရတာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီ ၉ ရက်ကလည်း ခိုးသန်းရွာက နေအိမ် ၈ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားပါသေးတယ်။

အခုလက်ရှိမှာတော့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတချို့ပေါင်းပြီး ခိုးသန်းရွာက မီးလောင်နေတဲ့ အိမ်တွေကို မီးငြှိမ်းတာတွေကို ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက်ကလည်း အဲဒီစစ်ကြောင်းဟာ မုံရွာနယ် တဲကြီးကုန်း၊ ပေကုန်း၊ ဆုံကုန်းရွာကနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားသလို ဆုံကုန်းရွာက အသက် ၈၀ ကျော် အဘွားတဦးလည်း မီးလောင်သေဆုံးသွားပါသေးတယ်။

ပုံစာ - စစ်တပ် မီးရှို့ခဲ့သည့် ခိုးသန်းရွာက လူနေအိမ်များ။ (ဓာတ်ပုံ - မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့နယ် #ခိုးသန်းရွာ #စစ်ကောင်စီ #မီးရှို့ဖျက်ဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10