ခေါင်းခွဲရွာက နေအိမ် ၂၀ နီးပါးကို စစ်တပ်က မီးရှို့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ခေါင်းခွဲရွာက နေအိမ်တွေကို စစ်အုပ်စုက အောက်တိုဘာ ၁၂ ရက် မနေ့က ညနေ ၄ နာရီ ကျော်လောက်မှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ဆီက သိရပါတယ်။

ကျောက်ရစ်ကျေးရွာကနေ အင်အား ၅၀ ဝန်းကျင်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဆည်ရွာနဲ့ ခေါင်းခွဲရွာကြားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ထိတွေ့ ပစ်ခတ်မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီးတဲ့နောက် ခေါင်းခွဲရွာထဲဝင်ပြီး မီးရှို့ခဲ့တာပါ။ 

အဲ့ဒီရွာက နေအိမ် ၁၈ လုံးကို မီးရှို့ပြီးပြန်အထွက်မှာ ဒဏ်ရာရစစ်သားတွေကိုထမ်းသယ်ဖို့ ပန်းရံလုပ်နေကြတဲ့ အမျိုးသား ၃ ဦးကို ဖမ်းခေါ်သွားတယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM) အဖွဲ့တာဝန်ခံက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့စဉ်မှာလည်း စစ်ကောင်စီဘက်က ၁ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားသလို ၃ ဦးကတော့ ထိခိုက်မှုအနည်းငယ်ရှိတယ်လို့  CDSOM အဖွဲ့တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။

မီးရှို့ခံရတဲ့နေအိမ်တွေဟာ အိမ်ကြီးအိမ်ကောင်းတွေဖြစ်ပြီး ကျွန်းပျဉ်ထောင် ပျဉ်ခင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ ရွာခံတွေကတော့ နေအိမ်တွေမှာ ပြန်လည်နေထိုင်နေကြပြီ လို့ ကိုနွေဦးက ပြောပါတယ်။

ခေါင်းခွဲရွာကို မီးရှို့ပြီး စစ်ကောင်စီအဖွဲ့ဟာ အဲ့ဒီရွာရဲ့  အနောက်ဘက်မှာရှိတဲ့ ဇီးကျွန်းရွာကို ပြန်ဝင်သွားခဲ့ရာ လက်ရှိအချိန်ထိစစ်ကောင်စီတပ်ဟာ ဇီးကျွန်းရွာထဲမှာ အထိုင်ချထားဆဲပဲလို့ ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ရုပ်သံ #စစ်ကောင်စီ #မီးရှို့ဖမ်းဆီး #စစ်ကိုင်းတိုင်း #မြောင် #ကျောက်ရစ်ရွာ #ခေါင်းခွဲရွာ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10