ချင်းတွင်းမြစ်ထဲသွားနေတဲ့ စစ်သင်္ဘောတွေက ပစ်ခတ်လို့ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေ ထိမှန်

ချင်းတွင်းမြစ်ထဲသွားနေတဲ့ စစ်သင်္ဘောတွေက ပစ်ခတ်လို့ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေ ထိမှန်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝဲကြီးကျေးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၈ ရက် ဒီနေ့မနက် ၁၀ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ကျေးရွာဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ ထိမှန်သွားတယ်လို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးဆီက သိရပါတယ်။

မုံရွာမြို့ အုန်းပင်ဆိပ်ကနေ ချင်းတွင်းမြစ်အတိုင်း အောက်ဘက်ကို စုန်ဆင်းလာတဲ့ စစ်ကောင်စီမော်တော်ယာဉ် ၁၅ စီးဟာ ရေကြောင်းလမ်းတလျှောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဆိပ်ကမ်းဘေးနားမှာရှိတဲ့ ဝဲကြီးရွာထဲကို လက်နက်ကြီးကျရောက်သွားပြီး ကျေးရွာဘုန်းကြီးကျောင်းကိုထိမှန်သွားသလို  နေအိမ် ၃ လုံး နဲ့ နွား ၁ ကောင်ကိုလည်း  ထိမှန်သွားတယ်လို့ ဆိုပါတယ်။

“လူတွေထိခိုက်တာမျိုးတော့မရှိဘူး။ မော်တော်ယာဉ်တွေဆင်းလာပြီးဆိုတာနဲ့ ရွာသားတွေက ကြိုရှောင်ထား ကြတယ်။ သူတို့ပစ်လိုက်တာ ဘုရားတွေ ပျက်စီးသွားတာမျိုးတွေရှိတယ်။ ဆင်းတုတော် ထိခိုက်တာမျိုးတွေရှိ တယ်။ တချို့ကျောင်းဆောင်တွေဆို ပေါက်ထွက်သွားတာမျိုးတွေရှိတယ်” လို့ ဆားလင်းကြီးမြို့နယ်သတင်း မှန်ပြန်ကြားရေးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

၂၀၂၃ အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာကြောင်းနဲ့ မကြာခဏဆို သလိုလည်း ဝဲကြီးကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေ ပြုလုပ်လေ့ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ဝဲကြီးရွာက ဆိပ်ကမ်းနားမှာ ရှိတာဆိုတော့ သူတို့တက်လာ တိုင်းပစ်တယ်။ ဆင်းသွားတိုင်းလည်းပစ်တယ်။ ဘုန်းကြီးကျောင်းကို ထိသွားတာကတော့ အခုက ပထမအကြိမ်၊ နေအိမ်တွေကိုထိတာကတော့ ဒုတိယအကြိမ်ပေါ့” လို့ သူက ဆိုပါတယ်။ 

အဆိုပါ စစ်အုပ်စုရဲ့ မော်တော်ယာဉ်တွေဟာ ရေစကြိုဘက်ကို ဆက်လက်မောင်းနှင်းသွားတဲ့အတွက် ဝဲကြီးကျေးရွာက ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေ ကျေးရွာထဲကို ပြန်ဝင်ရောက်နေထိုင်ကြပြီလို့ ဆိုပါတယ်။ 

စက်တင်ဘာ ၁၀ ရက်ကလည်း  ချင်းတွင်းမြစ်အတိုင်း အထက်ဘက်ကို မော်တော်ယာဉ်နဲ့ဆန်တက်လာတဲ့ စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့  ဆားလင်းကြီးမြို့နယ် ဖောင်းကတာကျေးရွာထဲကို ကျသွားပြီး အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတဦးလက်နက်ကြီးထိမှန် သေဆုံးသွားသလို အမျိုးသားတဦးနဲ့ အမျိုးသမီးလည်း ထိမှန်ဒဏ်ရာရရှိသွားပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားလင်းကြီး #ချင်းတွင်းမြစ် #ဝဲကြီးကျေးရွာ #စစ်ကောင်စီတပ် #စစ်သင်္ဘော #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10