ချင်းတွင်းမြစ်မှာ စစ်ကောင်စီမော်တော်တွေ ၁ ရက်တည်း ၂ ကြိမ် တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အပိုင် ချင်းတွင်းမြစ်ကြောင်းအတွင်းမှာ စစ်ကောင်စီတပ်တွေ ၁ ရက်တည်း ၂ ကြိမ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ သိရပါတယ်။  

ယနေ့ အောက်တိုဘာ ၁၇ ရက် နံနက် ၁၁ နာရီခန့်က ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီမော်တော် ၄ စီးကို ချောင်းဦးမြို့နယ် မြစ်ကြောင်းတနေရာမှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရှေ့ထွက်မိုင်း ၈ လုံး၊ ရှော့တိုက်ဒရုန်း ၄ လုံးတို့နဲ့ ပစ်ခတ်ခဲ့ပြီး အပြန်အလှန်တိုက်ခိုက်မှု မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃) ဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဘက်က ၆၀ မမ လက်နက်ကြီး၊ စက်သေနတ် အပါအဝင် လက်နက်ငယ်တွေနဲ့လည်း ပြန်လည်ပစ်ခတ်ခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့က RPG နဲ့ ပစ်ခတ်လိုက်လို့ စစ်ကောင်စီမော်တော်ယာဉ် ဒုတိယမြောက် မော်တော်ကိုထိမှန်ကာ ဘန်ကာတွေ ပြိုလဲပျက်ဆီးပြီး ထိခိုက်သေဆုံးတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကိုတော့ လျှပ်စီးတပ်ခွဲ (မုံရွာခရိုင်၊ အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃)၊ ငမိုးရိပ်စစ်ကြောင်း (မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ Chaung U Local Defence Force (CLDF) နဲ့ ရန်ရှင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

အလားတူ အဲ့ဒီစစ်ကောင်စီမော်တော် ၄ စီးကိုပဲ ယနေ့ နေ့လယ် ၁ နာရီခန့်က မုံရွာမြို့နယ် ချင်းတွင်းမြစ်ကြောင်း တနေရာမှာပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၁ နာရီခန့်ကြာအောင် တိုက်ခိုက်ခဲ့ကြသေးတယ်လို့ မုံရွာခရိုင်တပ်ရင်း အမှတ် ၂၃ အမဲလိုက်သိမ်းငှက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗိုလ်လေပေါက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ အမဲလိုက်သိမ်းငှက်အဖွဲ့အပြင် တိုက်နယ်(၃) ပကဖ ညီနောင်တွေကလည်း ပူးပေါင်းခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးတဲ့နောက်မှာတော့ စစ်ကောင်စီမော်တော်ယာဉ်တွေဟာ ချင်းတွင်းမြစ်မြောက်ဘက်ကို ပြန်လည်ထွက်သွားပြီး အခုချိန်မှာတော့ အလုံမင်းထောင့်ဆိပ်ကမ်းကို ရောက်ရှိသွားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #သတင်း #ချင်းတွင်းမြစ်ကြောင်း #မုံရွာ #ချောင်းဦး #ပကဖ #ဒေသကာကွယ်ရေး #ရေကြောင်းတိုက်ပွဲ #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10