ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ် ၃ စီး တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ် ၃ စီးကို ကာကွယ်ရေးတပ်ဖွဲ့က သြဂုတ် ၂၅ ရက် မနက် ၁၁ နာရီခွဲလောက်မှာ ပစ်ခတ်ခဲ့တယ်လို့  စစ်ကိုင်းခရိုင်အမှတ် (၄)တပ်ရင်း MSPDF တပ်ဖွဲ့ဝင်ဆီက သိရပါတယ်။

မုံရွာ မင်းထောက်တံတားကနေလာတဲ့ သစ်တွေတင်လာတဲ့ သင်္ဘော၂စီးနဲ့ လုံခြုံရေးယူပေးတဲ့ စစ်သင်္ဘော၁စီးကို PDF တွေက ချင်းတွင်းမြစ်ကြောင်းတနေရာမှာ RPG အပါအဝင် MSPDF ထုတ်လက်လုပ် Rocket များ၊ လက်နက်ငယ်အမျိုးမျိုးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ MSPDF အဖွဲ့တာဝန်ခံက ပြောပါတယ်။

“သူတို့ကို RPG တလုံး  Rocket ၅လုံး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်။ သူတို့ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တယ်။ ပစ်ခတ်ပြီးတော့ သူတို့တွေ ပခုက္ကူဘက်ကို ပြန်ထွက်သွားတယ်”လို့  အဖွဲ့တာဝန်ခံ လွင်ဂူးက ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိပေမဲ့လည်း သေဆုံးအရေအတွက်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

ပစ်ခတ်မှုကို စစ်ကိုင်းခရိုင် အမှတ်၄တပ်ရင်း MSPDF နဲ့အတူ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်းတို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

MSPDF တပ်ဖွဲ့ဟာ သြဂုတ် ၃ ရက်ကလည်း မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို ပြောက်ကျားဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြောင်မြို့နယ် #ချင်းတွင်းမြစ် #စစ်ကောင်စီရေယာဉ် #တိုက်ခိုက်ခံရ #စစ်ကောင်စီ #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10