ချင်းဒေသစစ်ဆင်ရေးက ပြန်လာတဲ့ အောင်ပွဲရရဲဘော်တွေကို ဂုဏ်ပြုကြိုဆို၊ ကျဆုံးရဲဘော် ဂူဗိမာန်မှာ ဝင်ရောက်ဂါရဝပြု (ရုပ်/သံ)

ချင်းဒေသစစ်ဆင်ရေးကနေ အောင်ပွဲနဲ့ ပြန်လာတဲ့ မကွေးတိုင်း၊ ဂန့်ဂေါနယ်အခြေစိုက် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-YPDF တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ အဲဒီတပ်ဖွဲ့ဆီက သိရပါတယ်။

မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော်-CNA ရဲ့စစ်ရေးအကူအညီတောင်းခံမှုအရ ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံနဲ့ တီးတိန်မြို့နယ်တွေအတွင်းမှာ ၂ လခန့်ကြာ စစ်ဆင်ရေးတာဝန်တွေ သွားရောက်ထမ်းဆောင်ရာကနေ အောင်မြင်ပြီးဆုံးခဲ့တဲ့အတွက် မိခင်တပ်ဖွဲ့ကို ဇွန် ၆ ရက် ညပိုင်းမှာ ပြန်လည်ရောက်ရှိလာတာပါ။

"ရဲဘော်တွေပြန်လာရာမှာ ပြည်သူလူထုကို အသိပေးတာ၊ ကြိုဆိုခိုင်းတာမျိုး မရှိခဲ့ပါဘူး။ တဆင့်စကား တဆင့်ကြားပြီး ပြည်သူတွေက ကြိုဆိုကြတာပါ။ သပြေပန်း၊ စံပယ်ပန်းတွေ အချိုရည်နဲ့မုန့်မျိုးစုံရော ဖုန်းဘေလ်တွေပါ ပေးခဲ့ကြတယ်။ အဲ့ဒီအတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ် “ လို့ YPDF  ဗဟိုဦးဆောင်ကော်မတီဥက္ကဌ ရဲဘော်ယောလေး က ပြောပါတယ်။

အဲ့ဒီစစ်ဆင်ရေးမှာ YPDF တပ်ဖွဲ့မှ ရဲဘော် ၃ ဦး (မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ကြပြီး လက်ရှိမှာ ဆေးကုသခဲ့ရာမှ သက်သာပျောက်ကင်းလာပြီး ပြန်လည်တာဝန်ထမ်းဆောင်နေကြပြီလို့ သိရပါတယ်။

အဲ့ဒီနောက် ဇွန် ၇ ရက် မနက်ပိုင်းမှာ နွေဦးတော်လှန်ရေးတိုက်ပွဲတွေအတွင်းကျဆုံးခဲ့တဲ့ YPDF တပ်ဖွဲ့ဝင် ရဲဘော်ပေါက်စီနဲ့ ရဲဘော်ဘီလူးတို့ရဲ့ ဂူဗိမာန်ကို ရှေ့တန်းပြန်ရဲဘော်တွေက အောင်သပြေပန်းတွေနဲ့ဝင်ရောက် ဂါရဝပြုနှုတ်ဆက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရဲဘော်ပေါက်စီမှာ ၂၀၂၂ ဇူလိုင် ၁၉ ရက်၊ ရဲဘော်ဘီလူးမှာ ၂၀၂၃ ၊ မေလမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း အသီးသီးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

YPDF တပ်ဖွဲ့ဝင်တွေအနေနဲ့အခုလို အောင်ပွဲရတာကို သာယာကျေနပ်နေလို့မရသလို ရှေ့ဆက်ပြီး တော်လှန်တိုက်ခိုက်ဖို့လည်း ဆက်လက်ကြိုးစားနေရမှာဖြစ်တယ်လို့ YPDF ဥက္ကဌက တိုက်တွန်းပြောဆိုပါတယ်။

စာတည်း - ဟိန်းစံ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #ရှေ့တန်းပြန်ရဲဘော်များ #ကြိုဆိုဂုဏ်ပြု #YPDF #ကျဆုံးရဲဘော် #ဂါရဝပြု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10