ချမ်းသာကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ဝင်ရောက်ပြီး ရွာခံတွေကို နှိပ်စက်ကာ ပစ္စည်းတွေယူသွား

ချမ်းသာကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ဝင်ရောက်ပြီး ရွာခံတွေကို နှိပ်စက်ကာ ပစ္စည်းတွေယူသွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်က ချမ်းသာကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးတွေက ဇူလိုင် ၂ ရက် မနက် ၆ နာရီခန့်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ကာ ရွာခံတချို့ကို ဖမ်းဆီးပြီး စားစရာနဲ့ ပစ္စည်းတွေကို ယူဆောင်သွားကြတယ်လို့ ခင်ဦး သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူတဦးက မြေလတ်အသံ ကို ပြောပါတယ်။

ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ဈေးတန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရွာသစ်ကုန်းကျေးရွာက ပျူစောထီးတွေဟာ ချမ်းသားကုန်းကျေးရွာနဲ့ အင်းပတ်ကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခြောက်လန့်ပြီး ချမ်းသာကုန်းကျေးရွာကို ဝင်ရောက်ခဲ့တာကြောင့် ကျေးရွာထဲက ဒေသခံတချို့ထိခိုက်ဒဏ်ရာရခဲ့သလို တိရစ္ဆာန်တွေ သေဆုံးဒဏ်ရာရခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချမ်းသာကုန်းကျေးရွာအတွင်း တွေ့ရှိတဲ့ ပြည်သူ ၄ ဦးကို ဖမ်းဆီးနှိပ်စက်ကာ အသက် ၆၀ ကျော်အရွယ် အမျိုးသား ၁ ဦးရဲ့ပေါင်ကိုလည်း သေနတ်နဲ့ တေ့ပစ်သွားခဲ့သေးတယ်လို့ ဆိုပါတယ်။ 

"ချမ်းသာကုန်းရွာက ပြည်သူ ၄ ဦးကို ဖမ်းဆီးမိလို့ ရိုက်နှက်စစ်ဆေးတယ်။ အဘိုးအိုရဲ့ ဘယ်ဘက်ပေါင်ကို သေနတ်နဲ့တေ့ပစ်ခဲ့တယ်။ အင်းပက်ရွာမှာ လက်နက်ကြီးမှန်လို့ ရွာထဲကနွားတွေ သေပြီးတော့ ဒဏ်ရာရခဲ့တယ်"လို့ တာဝန်ရှိသူက ပြောပါတယ်။

အင်းပတ်ကျေးရွာထဲမှာ လက်နက်ကြီးနဲ့ပစ်ခတ်ခံရတာကြောင့် နွား ၂ ကောင်သေဆုံးပြီး ၅ ကောင်ဒဏ်ရာ ရရှိခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတဦးက ဆိုပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဟာ ချမ်းသာကုန်းရွာထဲက လူနေအိမ်တွေထဲ ဝင်ရောက်မွှေနှောက်ကာ စားသောက်စရာနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေကို ယူဆောင်သွားပြီး မနက် ၈ နာရီကျော်မှာ အထိုင်ချရာစခန်းကို ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။ 

အလားတူ ခင်ဦးမြို့နယ်၊ အရှေ့မြောက်ဘက်ခြမ်းမှာလည်း အင်အား ၁၀၀ ခန့်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းဝင်ရောက်နေပြီး ယောက်သွားအိုင်ကျေးရွာဘက်မှ တောင်ဘက်ကို ဦးတည်လာနေလို့ ထန်းနှောင်းကမ်းကြီး၊ ထန်းနှောင်းကမ်းလေးရွာနဲ့ အနီးနားရှိ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ် လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုခရိုင် #ခင်ဦးမြို့နယ် #ချမ်းသာကုန်းကျေးရွာ #စစ်ကောင်စီ #ပျူစောထီး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10