ချောင်းနားဘုန်းကြီးကျောင်းက ပကဖတွေကို စစ်အုပ်စုဝင်တိုက်ပြီး ကျောင်းထိုင်ဘုန်းကြီး ရုပ်ကလာပ်ကိုပါယူသွား

ချောင်းနားဘုန်းကြီးကျောင်းက ပကဖတွေကို စစ်အုပ်စုဝင်တိုက်ပြီး ကျောင်းထိုင်ဘုန်းကြီး ရုပ်ကလာပ်ကိုပါယူသွား

 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ချောင်းနားကျေးရွာ ဘုန်းကြီးကျောင်းမှာရှိနေတဲ့ ရပ်ကျေးကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကျောင်းဝန်းအတွင်းက အဆောင်အချို့ကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ချောင်းနားရွာ ဘုန်းတော်ကြီးကျောင်းမှာ ထမင်းစားဖို့လုပ်နေတဲ့ ကာကွယ်ရေးရဲဘော်တွေကို အခုလဇန်နဝါရီ ၁ရက်မှာ ပျူရွာလို့လူသိများတဲ့ တပ်ကုန်းရွာက စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၈၀ လောက်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။  

ဒါ့အပြင် စစ်ကောင်စီတပ်တွေက ကျေးရွာထဲမှာ မိုင်းတွေထောင်ထားခဲ့သလို မိုင်းနင်းမိပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့လည်း ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့ပြန်တော့ နင်းမိုင်းတွေချခဲ့တာ။ ဒီဘက်ကလိုက်တဲ့အချိန် နင်းမိုင်းထိလို့ ၃ ဦးဒဏ်ရာရတယ်။ တယောက်က ခြေထောက်ဖြတ်လိုက်ရတယ်။ နှစ်ယောက်က ဆေးကုသပေးနေတယ် "လို့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

စစ်အုပ်စုဟာ ရွာကပြန်ထွက်ချိန်မှာတော့ ဘုန်းကြီးကျောင်း လှေကားထစ်နေရာနဲ့ ကျောင်းရဲ့ မြောက်ဘက်က ဇရပ်အဆောင်ကို ဒီဇယ်လောင်း မီးရှို့ထားခဲ့ပြီး ကျောင်းထိုင်ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကိုပါ ယူသွားတယ်လို့ သိရပါတယ်။  

ချောင်းနားရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တစာရရဲ့ ရုပ်ကလာပ်ကို သယ်ယူသွားတာဖြစ်ပြီး လက်ရှိမှာတပ်ကုန်းရွာဘုန်းကြီးက လက်မခံတဲ့အတွက် အဆိုပါရုပ်ကလပ်ကို ရွှေတော်ဦးဘုရားဝန်းထဲမှာ ထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

အဲ့ဒီဆရာတော်ကြီးဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းက သက်တော် ၁၀၂ နှစ်အရွယ်မှာ ပျံလွန်တော်မူခဲ့တာဖြစ်ပြီး မသင်္ဂြိုဟ်သေးဘဲ ဆေးရည်စိမ်ပြီး မှန်ခေါင်းတလားအတွင်း ပူဇော်ထားစဥ်မှာ ယူဆောင်သွားကြတာလည်း ဖြစ်ပါတယ်။ 

ချောင်းနားကျေးရွာက ဒေသခံအများစုဟာ ပြီးခဲ့တဲ့အောက်တိုဘာလလောက်ကတည်းက ရွာကနေ တိမ်းရှောင်နေကြပြီး ရပ်ကျေးကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့သာ နေထိုင်နေကြတာလို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ချောင်းနား #ရပ်ကျေးပကဖ #စကစ #ဝင်တိုက် #ဘုန်ကြီးရုပ်ကလပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10