ချောင်းရေကြီးပြီး ပျက်စီးသွားတဲ့ ကြိုးတံတားကို ငွေကြေးမတတ်နိုင်လို့ ယာယီပြုပြင်သွားလာနေရ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန်ဂေါမြို့နယ်မြောင်ပိုင်း၊တောင်ယာပြင်ကျေးရွာမှာ ဇူလိုင်လနှောင်းပိုင်းက မိုးဆက်တိုက်ရွာတာများပြီး လောင်ဂတ်ချောင်း ရေကြီးမြင့်လာတာကြောင့်  ချောင်းကူးကြိုးတံတား ပျက်စီးခဲ့ပါတယ်။

မောက်ကျေးရွာအုပ်စု၊ တောင်ယာပြင်ရွာနဲ့ မောက်ရွာနှစ်ရွာကြားက ချောင်းကူးကြိုးတံတား ပျက်စီးခဲ့ပြီးတော့ ငွေကြေးအဆင်မပြေလို့ ယာယီအတွက်ပဲ ပြုပြင်နိုင်ခဲ့တယ်လို့ ပအဖ တာဝန်ခံဆီက သိရပါတယ်။

ချောင်းကူးတံတား ပျက်စီးနေတဲ့အတွက် ရွာပေါင်း ၈ ရွာက ပြည်သူတွေဟာ ဂန့်ဂေါမြို့နဲ့ ဆေးရုံ၊ဆေးခန်းရော အထက်တန်းကျောင်းကို သွားလာရတာခက်ခဲနေသလို ကြပန်းလုပ်သားနဲ့ စျေးရောင်းစျေးဝယ်တွေပါ သွားလာရေးခက်ခဲနေတာကြောင့် ငွေကြေးအဆင်မပြေပေမယ့် သြဂုတ်လ ၁၃ ရက်နေ့က ယာယီပြင်ဆင်ခဲ့တာလို့ ဆိုပါတယ်။

ပျက်စီးခဲ့တဲ့ တောင်ယာပြင်တံတားကို ရွာသူရွာသားတွေနဲ့ လက်သမားဆရာတွေက အခမဲ့လုပ်အားပေး ပြုပြင်ခဲ့ကြပြီး လာမယ့် နိုဝင်ဘာလမှာ ကြိုးတံတားကို RC တိုင်တွေနဲ့ အသစ်ပြန်ဆောက်ဖို့ရှိပြီးတော့ ကုန်ကျစရိတ်ငွေကို တွက်ချက်နေသလို YPDF တပ်ဖွဲ့ နဲ့ ပြည်ပရောက်သူတွေအပါအဝင် တောင်ယာပြင်ရွာအနီးက ကျေးရွာတွေက အလှူရှင်တွေ အလှူငွေထည့်ဝင်ထားတယ် လို့ဆိုပါတယ်။

အဲဒီကြိုးတံတားကို တောင်ယာပြင်၊ ဘော်ကြီး၊ ကံ၊ ထယ်လှော်၊ ရွှေတောင်၊ သာဂေါင်း၊ စတဲ့ကျေးရွာနေပြည်သူတွေက အားကိုးအား ထား သွားလာနေကြရတာလို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#စစ်ကိုင်း #ဂန့်ဂေါ #တောင်ယာပြင် #ရုပ်သံသတင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10