ချောင်းဦးက Local PDF တပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ချောင်းဦးက Local PDF တပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီးမှာ Local PDF ရဲဘော်အချို့ စစ်ကောင်စီ တပ်တွေရဲ့ ပစ်ခတ်တာကိုခံခဲ့ရပြီးနောက် ရဲဘော် ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

စက်တင်ဘာ ၂၆ ရက် မနေ့ကမနက် ၁၀ နာရီလောက်မှာ ငါးယှန်ကျေးရွာအနီး မုံရွာ - မန္တလေး ကားလမ်းမပေါ်မှာ မဲလက်မှတ်ရောင်းပြီး အလှူငွေကောက်ခံနေတဲ့ အဆိုပါတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်တွေက ၂ ဖက်ဝိုင်းပြီး ပစ်ခတ်ခဲ့တာလို့ Chaung U Revolution မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကာကွယ်ရေးတပ်တွေ အလှူငွေကောက်နေတဲ့နေရာဟာ စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့  ၂ မိုင်လောက်ဝေးပြီး စစ်ကောင်စီဘက်က ၁၀ ဘီးကားနဲ့ လာရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

တိုက်ခိုက်ခံရတဲ့ တပ်ဖွဲ့ဝင်တွေဟာ ချောင်းဦးနယ်အခြေစိုက် Local PDF တပ်ဖွဲ့တခုက အသက် ၂၀ အရွယ်နဲ့  ၂၅ နှစ်အရွယ် ရဲဘော်တွေလို့သာသိရပြီး အဖွဲ့အမည်ကိုတော့ မသိရှိရသေးဘူး။  

လက်ရှိမှာ အလောင်းတွေကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ ရှိနေပြီး စစ်ကောင်စီတပ်တွေက ငါးယှန်ရွာအနီးမှာ တပ်ချထားတဲ့အတွက် မကောက်ရသေးဘူးလို့ ချောင်းဦးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ 

“အလောင်း ပြန်မရသေးဘူး။ **တွေက ငါးယှန်ရွာထိပ်မှာ ရှိနေသေးတယ်" လို့ ချောင်းဦး ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာတော့ အဲ့ဒီတပ်ဖွဲ့ဝင်တွေဆီကနေ ဒရုန်း ၁ စီး၊ လက်လုပ်သေနတ် ၁ လက်၊ ၁၂ ဗို့ကျည် ၅ တောင့်၊ အီကွေ့မန့် ၁ စုံ၊ လက်လုပ်မိုင်း ၆ လုံးနဲ့ ဆိုင်ကယ် ၃ စီးတို့ကိုလည်း သိမ်းဆည်းရမိထားတယ်လို့ ဖော်ပြထားပါတယ်။ 

လက်ရှိမှာ ချောင်းဦးနယ်ထဲကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းအပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ဒေသကာကွယ်ရေးရဲဘော်တွေအပြင် ဒေသခံပြည်သူတွေပါ သေဆုံးမှုတွေ ရှိနေပါတယ်။ 

မနေ့က နေ့လယ် ၂ နာရီလောက်မှာလည်း ချောင်းဦးမြို့နယ်ထဲက မန်းကျီဂွကျေးရွာနဲ့ အနီးတဝိုက်ကို စစ်ကောင်စီဘက်က တိုက်ခိုက်ရေးရဟတ်ယာဥ်သုံးပြီး ပစ်ခတ်တဲ့အပြင် မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်တာတွေပါလုပ်တာကြောင့် ကာကွယ်ရေးရဲဘော် ၃ ဦးအပါအဝင် စုစုပေါင်း ၉ ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ချောင်းဦး #ငါးယှန် #စစ်ကောင်စီ #တိုက်ခိုက် #ရဲဘော်သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10