ချောင်းဦးနယ်က PDF တပ်ဖွဲ့ဝင် ၁၀ ဦးအသတ်ခံရတာ မဟုတ်ဘူးလို့ ပကဖ ငြင်းဆို

ချောင်းဦးနယ်က PDF တပ်ဖွဲ့ဝင် ၁၀ ဦးအသတ်ခံရတာ မဟုတ်ဘူးလို့ ပကဖ ငြင်းဆို

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေလှရွာအနီးမှာ PDF တပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်ပြီး  လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့  စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်က ထုတ်ပြန်ချက်ကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ငြင်းဆိုပါတယ်။

အောက်တိုဘာ ၂ ရက်က စစ်ကောင်စီ သတင်းချန်နယ်တွေက ထုတ်ပြန်ချက်အရ PDF ၁၀ ဦးကို ချေမှုန်းခဲ့ပြီး သူတို့ဆီကနေ သေနတ် ၁၃ လက်၊ ၁၂ ဗို့ကျည် ၆၈ တောင့်၊ ကျည်မျိုးစုံ ၃၀၀၀ ကျော်၊ ၄၀ မမ ၂၅ တောင့်၊ စကားပြောစက် ၅ လုံး၊ ယူနီဖောင်း ၄ စုံနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီသတင်း နဲ့ ပတ်သက်ပြီး ချောင်းဦးမြို့နယ်က ပကဖ တပ်ဖွဲ့ဝင်ကို ဆက်သွယ်မေးမြန်းခဲ့ရာ ရွှေလှရွာဟာ ချောင်းဦးနယ်မှာမရှိကြောင်း၊ ရွှေလှရွာနဲ့ နာမည်ဆင်တဲ့ကျေးရွာ ရွှေလှေဘက်မှာလည်း အခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးလာတာမျိုး မရှိသလို စခန်းသိမ်းဆည်းခံရတာတွေလည်း မရှိဘူးလို့ ဆိုပါတယ်။

“ဒီ ၃ ရက်အတွင်းမှာတော့ ကျနော်တို့မြို့နယ်ထဲမှာ စစ်ကြောင်းထိုးတာတို့ ၊ ခုနလိုမျိုး စစ်ကောင်စီရဲ့လော်ဘီချန်နယ်ထဲက တင်သလိုမျိုး ပြည်သူ့ကာကွယ်ရေးဘက်က ပစ္စည်းတွေသူတို့ သိမ်းဆည်း ရမိတယ်။ ရဲဘော်တွေ အသေရမိတယ်ဆိုတာမျိုးတွေ လျှောက်ရေးထားသလိုဖြစ်စဉ်မျိုး တခုမှမရှိခဲ့ဘူးဗျ” လို့ချောင်းဦးမြို့နယ် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

အခုလို စစ်ကောင်စီဘက်က သတင်းမှားတွေဖြန့်ဝေတာဟာ သူတို့ကိုထောက်ခံတဲ့သူတွေ၊ အလုပ်အကြွေးပြုနေတဲ့ သူတို့ရဲ့ ဘက်တော်သားတွေကို  စိတ်ထဲမှာ ကျေနပ်မှုရှိအောင် movitation (စိတ်တက်ကြွမှု) ရအောင် သတင်းမှားတွေကို  လုပ်ကြံဖန်းတီးတာဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အခုနောက်ပိုင်း  ယခင်က ဖြစ်ပွားခဲ့ဖူးတဲ့ ရုပ်ပုံတွေ၊ ရုပ်သံတွေကို ပြန်လည်အသုံးပြုပြီး ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ခံအားပေးတဲ့ ပြည်သူတွေ စိတ်ဓာတ်ကျအောင်၊ လက်လျှော့ချင်စိတ်တွေဝင်လာအောင် လုပ်ကြံဖန်တီးတာမျိုးတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

“နည်းနည်း မေ့လောက်ပြီထင်တဲ့ ရုပ်ပုံတွေ၊ ဗီဒီဖိုင်တွေကို ပြန်တင်ပြီးတော့မှ မရှိတဲ့တိုက်ပွဲတွေ၊ မရှိတဲ့အောင်ပွဲတွေ၊ မရှိတဲ့ သိမ်းဆည်းရမိတာတွေကိုတင်ပြီး ပြည်သူတွေကို အားငယ်စိတ်တွေ ဝင်လာအောင် ဒါမျိုးတွေ ရည်ရွယ်ပြီး တင်တယ်လို့တော့ ကျနော်ထင်တယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက် မနက် ၁၀ နာရီခန့်ကတော့ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး မုံရွာ-မန္တလေး ကားမပေါ်မှာ မဲလက်မှတ်ရောင်းပြီး အလှူငွေကောက်ခံနေတဲ့ Local PDF ရဲဘော်တချို့ကို စစ်ကောင်စီတပ်က ၂ ဖက်ဝိုင်းပြီး လာရောက်ပစ်ခတ်ခဲ့လို့ အသက် ၂၀ အရွယ် နဲ့ ၂၅ နှစ်အရွယ် ရဲဘော် ၂ ဦး ထိမှန်သေဆုံးသွားခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ဝါဒဖြန့် #တယ်လီဂရမ် #စစ်ကောင်စီ #PDF #ပကဖ #စစ်ကိုင်းတိုင်း #ချောင်းဦးမြို့နယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10