ချောင်းဦးနဲ့မြင်းခြံက ရဲစခန်း၊ ထွေအုပ်ရုံးတွေကို PDF က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ သေဆုံး၊ ဒဏ်ရာရတွေရှိ

ချောင်းဦးနဲ့မြင်းခြံက ရဲစခန်း၊ ထွေအုပ်ရုံးတွေကို PDF က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ သေဆုံး၊ ဒဏ်ရာရတွေရှိ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ် စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ ချောင်းဦးမြို့မရဲစခန်းနဲ့ထွေအုပ်ရုံးတွေကို ဒီဇင်ဘာ ၃၁ မနေ့ မနက် ၈ နာရီ မိနစ် ၂၀ ခန့်တချိန်တည်းမှာပဲ Fixed Wing Drone ၄ စီးနဲ့ Air BOMB 1 kg(၁ ကီလိုဂရမ်) ၁၁ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Myaung Special People Defence Force - MSPDF တပ်ဖွဲ့ဆီက သိရပါတယ်။

“ အဲ့ဒီနေရာ ၂ နေရာက မီတာ ၅၀၀ လောက်ပဲကွာတယ်။ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ သွားရောက် ပစ်ခတ်ခဲ့တာပါ။”လို့ MSPDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုဘက်က ၄၀ မမ ဗုံးသီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သူကဆိုပါတယ်။

တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း MSPDF/MSDF အဖွဲ့နဲ့အတူ မြင်းခြံခရိုင်အမှတ် (၈) တပ်ရင်း NRDF ၊ မိတ္ထီလာခရိုင်အမှတ် (၃) တပ်ရင်း ၊ မုံရွာခရိုင်အမှတ် (၁၂)တပ်ရင်း တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲ၊ CHAUK PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို ဒီဇင်ဘာ ၃၀ ရက် နေ့လယ် ၂ နာရီကျော်မှာ ဒရုန်းနဲ့ ဗုံးသီး ၆ လုံးချ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုက ၅ ဦးခန့် ဒဏ်ရာရပြီး သေနတ် ၁ လက် ပျက်စီးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

" ကျွန်တော်တို့အထောက်ဆီက ပြန်သိရတယ်။ မစ်ရှင်စထဲက အထောက်ချထားတယ်။ ဗုံးသီးကျတဲ့နေရာအထိ သူပြောနိုင်တယ်။ တခြားတပ်ဖွဲ့တွေက ၇၀၀ ဂရမ် ဗုံးသီး ၄ လုံးနဲ့ ကျနော်တို့အဖွဲ့က ၆၀၀ ဂရမ်ဗုံးသီး ၂ လုံး ချခဲ့တာ "လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း(၈)၊ နဂါးနီပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းမင်းတမန်ပြောက်ကျားတပ်ဖွဲ့၊ နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်သားပြောက်ကျားတပ်ဖွဲ့တွေပေါင်းပြီး ဒရုန်းတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

ကုက္ကဲရဲစခန်းမှာ ယခင်ထဲကစစ်ကောင်စီတပ်တွေ အထိုင်ချတပ်စွဲထားတာကြောင့်  တော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏသွားရောက်တိုက်ခိုက်လေ့ရှိတဲ့နေရာဖြစ်ပြီး ကွန်ပျူတာနဲ့ နေရာအတိအကျထောက်ပြီး ဖောက်ခွဲခဲ့တာဖြစ်ကာ ဒရုန်းဗုံးချခံရပြီးနောက် ကုက္ကဲရဲစခန်းအနီးက စိန်ပန်းရွာဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာမျိုးတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - နဂါးနီပြောက်ကျားတပ်ဖွဲ့ဝင်များမှ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရန်လုပ်ဆောင်နေစဉ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #မန္တလေး #ချောင်းဦး #မြင်းခြံ #ရဲစခန်း #ထွေအုပ်ရုံး #ဒရုန်းဗုံးချ #တိုက်ခိုက်မှု #ထိခိုက်ဒဏ်ရာရ #PDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10