ချောင်းဦးမှာ ကင်းပတ်နေတဲ့စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့တောင်ဘက်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို မတ် ၁၁ ရက် ဒီမနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF ရဲ့ ချောင်းဦးအခြေစိုက် အညာမိုင်းတပ်ခွဲဆီက သိရပါတယ်။

ချောင်းဦးမြို့တောင်ဘက် မီတာ ၈၀၀ ကျော်အကွာကနေ မနက် ၄ နာရီကတည်းက ကင်းပတ်နေတဲ့စစ်သားတွေကို မနက် ၈ နာရီ ၄၀ မိနစ်ခန့်မှာ ၃ လုံးတွဲမိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ဒီကောင် (စစ်ကောင်စီတပ်သား)တွေ ကင်းပတ်ပြီး အပြန်မှာတိုက်ခိုက်ခဲ့တာပါ။ စလစ်မိုင်း ၃ လုံးတွဲနဲ့ မိုင်းဆွဲခဲ့တယ်။ ၄ ကောင်က နေရာမှာပွဲချင်းပြီးသေတယ်။ ဒဏ်ရာရသူတွေတော့ အတိအကျမသိရသေးဘူး" လို့ အညာမိုင်းတပ်ခွဲ တာဝန်ရှိသူ ကိုရှမ်းစိုးက ပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ဘေးပတ်ဝန်ကျင်ကို ပစ်ခတ်မှုတွေလုပ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မတ် ၁ ရက်မှ ၁၁ ရက်အထိ မုံရွာမြို့ရဲ့အရှေ့မြောက်ခြမ်းရှိ ခိုးသန်းကျေးရွာ၊ ဖန်းခါးကျင်း၊ ကြီးဗဒုံ၊ ဘူးတောင်းကန်၊ ကံပြား၊ မြောက်ဆုံကုန်း စတဲ့ကျေးရွာတွေအပါအ၀င် ကျေးရွာပေါင်း ၁၅ ရွာထက်မနည်းကို စစ်ကြောင်းထိုး မီးရှို့နေတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂ ရက်ကလည်း စစ်တပ်ဘက်က မြောက်ဆုံကုန်းကျေးရွာနေအိမ်တွေကို မီးရှို့နေချိန် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF - စစ်ဒေသ ၂ နဲ့ ဒေသခံမဟာမိတ်တပ်တွေ ပူးပေါင်းကာ ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မီးလောင်နေတဲ့နေအိမ်တွေကိုလည်း မီးငြှိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #စစ်အုပ်စု #မိုင်းစွဲခံရ #ထိခိုက် #PDF #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10