ချောင်းဦးမှာကျေးရွာ ၇ ရွာက ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေ

ချောင်းဦးမှာကျေးရွာ ၇ ရွာက ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဒီဇင်ဘာလ ၂၅ ရက်နေ့ကစတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအနီးအနားဝန်းကျင် ကျေးရွာ ၇ ရွာက ဒေသခံနှစ်ထောင်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး အကူအညီတွေလိုအပ်နေတယ်လို့ Chaung U Revolution ကသိရပါတယ်။

ဆီပန်းကန်၊ ရွှေကူ၊ ငွေသာ၊ ကုန်းသာ၊ အမြင့်၊ နဂါးဘို၊ တောကျောင်းလေးအစရှိတဲ့ ရွာတွေက ဒေသခံတွေအကုန် ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ဒီဇင်ဘာ ၂၅ ရက်နေ့ညနေ ၆ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မနေ့ကဒီဇင်ဘာ၂၆ ရက်နေ့ထိ စစ်ကောင်စီတပ်ကရွာတွေအပေါ်မှာ တိုက်လေယာဉ်တွေ ပျံဝဲခဲ့တယ်လို့ Chaung U Revolution တာဝန်ရှိသူတဦးကဆိုပါတယ်။

“လေယာဉ်တွေပတ်တာ နှစ်နာရီလောက်ကြာတယ်။ တိုက်ပွဲမှာတော့ ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာမရှိဘူး။အကုန်တော့ပြေးနေရတယ်” လို့ ဆိုပါတယ်။

ချောင်းဦးမြို့နယ်အတွင်းက ရှေးဟောင်းဇုန်သတ်မှတ်ထားတဲ့ ရှေးဟောင်းအမြင့်မြို့ပတ်လည်ကို စစ်ကောင်စီက ဒီဇင်ဘာ ၂၄ ရက်နေကစပြီး MI35 ရဟတ်ယာဉ်နဲ့ လှည့်ပတ်ပစ်ခတ်တာတွေပြုလုပ်သေးတယ်လို့ သူကဆက်ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ခြောက်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10