ခြိမ်းခြောက်မှုမြင့်မားလာတဲ့ ပဲခူးရှေ့ခြမ်းက မိုင်းအန္တရာယ် (သတင်းဆောင်းပါး)

ခြိမ်းခြောက်မှုမြင့်မားလာတဲ့ ပဲခူးရှေ့ခြမ်းက မိုင်းအန္တရာယ် (သတင်းဆောင်းပါး)

မမူမြင့်(အမည်လွှဲ)နဲ့ သူ့ညီမဖြစ်သူဟာ နေအိမ်နဲ့ ကိုက် ၂၀၀ ခန့်အကွာမှာရှိတဲ့ မုန်းချောင်းရေချိုးဆိပ်မှာ ရေချိုးရင်း ရေခပ်ဆင်းလာခဲ့ပါတယ်။ အချိန်က မေလ ၁၈ ရက် ညနေ ၆ နာရီပါ။ ဒီရေချိုးဆိပ်ဟာ သူတို့တွေ ပုံမှန်ရေခပ်၊ ရေချိုးလုပ်နေကြတဲ့နေရာပါ။

ရေချိုးဆိပ်ကိုသွားနေရင်းက ပေါက်ကွဲသံနဲ့အတူ မမူမြင့်တို့ ညီအမ နေရာမှာလဲကျသွားခဲ့ပါတယ်။ ပြန်ထဖို့ကြိုးစားနေပေမယ့် မမူမြင့် ထလို့မရတော့ပါဘူး။ ခန္ဓာကိုယ်အောက်ပိုင်းကို ကြည့်လိုက်ချိန်မှာ သူ့ရဲ့ခြေထောက်တွေ ခြေသလုံးအောက်ကနေ ပြတ်ထွက်နေတာကို မမူမြင့် မြင်တွေ့ လိုက်ရတာပါ။

မိုင်းပေါက်ကွဲသံ၊ မမူမြင့်တို့ရဲ့အော်ဟစ်အကူအညီတောင်းခံသံတွေကြောင့် အနီးမှာ မီးသွေးဖိုဆင်နေတဲ့ ယောက်ျားနဲ့ မောင်ဖြစ်သူတို့ ရောက်ရှိလာကာ သူတို့ညီအမနှစ်ဦးကို ဆေးရုံပို့ဖို့လုပ်ဆောင်ခဲ့ကြတယ်။ ဆေးရုံ ရောက်ရှိချိန်အထိ မမူမြင့် သတိကောင်းနေခဲ့သေးတယ်လို့ ဆိုပါတယ်။

“ တက်နင်းမိတာက ကျမနင်းမိတယ်လို့ ထင်တယ်။ သူ(ညီမ)က အရှေ့က ကျမက နောက်က။ မိုင်းက ပေါက် (ကွဲ)ပြီးတော့ ကိုယ်ကလည်း တုံးလုံးဖြစ်သွားတော့ ‘ဟယ် ငါမိုင်းတက်နင်းမိတာနဲ့တူတယ်’ ဆိုပြီး ထဖို့လုပ် တော့ ထူပူနေတဲ့အချိန်ဆိုတော့ မနာမကျင်သေးဘူးလေ။ လူကတော့ ထလို့ မရဘူး။ ငုတ်တုတ်ထိုင်လို့တော့ ရတယ်” လို့ သူ့အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

စစ်အာဏာမသိမ်းမီက ပဲခူးအရှေ့ခြမ်းမှာ ပဲခူးရိုးမပေါ်ရှိနေရာတချို့မှာသာ မြေမြှုပ်မိုင်းအန္တရာယ်ကြုံတွေ့ရတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် မြို့နဲ့ဆက်စပ်တဲ့ကျေးရွာတွေ၊ ယာခင်းတွေနဲ့ ကားလမ်း၊ လူသွားလမ်းတွေမှာပါ မြေမြှုပ်မိုင်းအန္တရာယ် သိသိသာသာမြင့်တက်လို့လာနေပါတယ်။ 

ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော ပစ္စည်းတွေကြောင့် အရပ်သားများထိခိုက်ခံစားရမှု နှစ်အလိုက်အစီအရင်ခံစာတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ကနေ ၂၀၂၄ ပထမခြောက်လ(ဇွန်လ)အထိ နိုင်ငံတဝှမ်းထိခိုက်သူ ၂,၄၁၈ ဦးအထိ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ၂၀၂၁ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ၂၀၂၁ မှ ၂၀၂၃ အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် သေဆုံးသူ ၃၇၈ ဦးနဲ့ ဒဏ်ရာရရှိသူ ၁,၃၄၈ ဦးအထိ ရှိခဲ့တယ်လို့ UNICEF ရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။။

အဲ့ဒီထဲမှာ ၂၀၂၁ နဲ့ ၂၀၂၂ တွေမှာ ပဲခူးတိုင်းအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ခံစားရသူအရေအတွက်ဟာ အနည်းငယ်သာရှိခဲ့ပြီး ၂၀၂၃ မှာတော့ ထိခိုက်သူ ၁,၀၅၂ ဦးမှာ ပဲခူးတိုင်းက ၉ ရာခိုင်နှုန်းနဲ့ ၉၄ ဦးအထိ သိသိသာသာမြင့် တက်လာခဲ့ပါတယ်။

မြေလတ်အသံက လက်လှမ်းမီသလောက်ပြုစုထားတဲ့ အချက်အလက်တွေအရ ယခုနှစ်ဇန်နဝါရီမှ ဩဂုတ်အထိ ပဲခူးအရှေ့ခြမ်း ကျောက်ကြီး၊ ကျောက်တံခါး၊ ဝေါ၊ ရေတာရှည်၊ ညောင်လေးပင်၊ ထန်းတပင် စတဲ့ မြို့နယ်တွေမှာ မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတတ်သောပစ္စည်းတွေကြောင့် ပေါက်ကွဲမှုဖြစ်စဉ် ၁၂ ကြိမ်ရှိခဲ့ပြီး အဲ့ဒီထဲက ၆ ဦးသေဆုံး၊ ၁၈ ဦးဒဏ်ရာရရှိထားကာ ဒဏ်ရာရရှိသူတွေထဲမှာ ကိုယ်လက်အင်္ဂါဆုံးရှုံး ရသူ ၃ ဦး ပါဝင်ပါတယ်။

မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေသောလက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Landmine & Cluster Munition Monitor)ရဲ့ ၂၀၂၃ ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ မြန်မာ နိုင်ငံမြို့နယ်ပေါင်း ၃၃၀ ကျော်ရှိတဲ့အနက် ၁၆၈ မြို့နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ်နဲ့ကြုံတွေ့နေရကြောင်း ဖော် ပြပါတယ်။ 

၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၁၀၀ မှာ မြေမြှုပ်မိုင်းအန္တရာယ် ကြုံတွေ့နေရာက ၂၀၂၂ မှာ ၁၆၈ မြို့နယ်အထိ မြင့်တက်လာတာဖြစ်တယ်လို့ Landmine & Cluster Munition Monitor ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

မမူမြင့်ဟာ ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ နေထိုင်သူဖြစ်ပါတယ်။ မြေမြှုပ်မိုင်းနင်းမိခဲ့တာကြောင့် ကနဦးခြေထောက်နှစ်ဖက်ပြတ်ထွက်ဒဏ်ရာတွေနဲ့ မမူမြင့်ဟာ တောင်ငူမြို့ဆေးရုံမှာ လနဲ့ချီကုသခဲ့ရပြီးတဲ့နောက် ဆေးရုံက သူ့ရဲ့ခြေထောက်နှစ်ဖက်လုံးကို ဒူးဆစ်ကနေ ဖြတ်ပေးလိုက်ပါတယ်။

“ဒဏ်ရာက ပထမဆုံးဖြတ်ရတာက ညာဘက်ဒူးဆစ်အဆံထိဖြတ်ရတယ်။ ဘယ်ဘက်ခြေသလုံးက အသား ကောင်းတယ်ဆိုပြီး ဒူးအောက်ပေါ့၊ ခြေသလုံးအထိ ဖြတ်ပေးတယ်။ ဖြတ်ပေးတာကနေ နောက် မနေနိုင်လို့ ကိုက်လာလို့ ချုပ်ရိုးဖြည်ကြည့်လိုက်တော့ ပြည် ပြန်လိုက်တယ်ဆိုပြီးတော့ နောက်တခါထပ်ဖြတ်ရတယ်။ ဒူးအဆံအထိပဲ။” 

အရင်က အသက် ၄ နှစ်အရွယ် သားဖြစ်သူရဲ့ နေ့စဉ်ဝေယျာဝစ္စတွေကို လုပ်ကိုင်ပေးနေရတဲ့ အသက် ၂၈ နှစ် အရွယ် မမူမြင့်ဟာ လက်ရှိမှာ သူ့ရဲ့တကိုယ်ရည်ဝေယျာဝစ္စတချို့ကိုပင် ယောက်ျားဖြစ်သူနဲ့ မိဘ၊ မောင်နှမတွေက ပြန်လည်ကူညီလုပ်ဆောင်ပေးနေရပါတယ်။

မမူမြင့်ဟာ နေ့စဉ်ဘဝကို နေအိမ်ပေါ်မှာပဲ ထိုင်လျှက် အချိန်ကုန်နေရပြီး အပေါ့အလေးစွန့်ချိန်လောက်သာ ဝှီးချဲကို အားပြုပြီး သွားနေရတာပါ။

“ခြေထောက်မရှိတော့ ကိုယ်သွားတိုင်းစိတ်မပါ၊ စိတ်သွားတိုင်းကိုယ်မပါတော့ တမျိုးကြီးပေါ့နေရတာ။ စိတ် တိုင်းမကျဘူးပေါ့။ ကိုယ့်ကလေးကို လုပ်ပေးချင်တာတမျိုး၊ အိမ်မှာဟိုဟာလေး၊ ဒါလေး လုပ်ချင်လည်း မလုပ်ရ၊ အဆင်မပြေဘူးလေ။ ကိုယ်လုံးကြီးက ငုတ်တုတ်ကြီး ထိုင်နေရတာဆိုတော့။” လို့ သူကပြောပါတယ်။

ပဲခူးရှေ့ခြမ်း တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်ဒေသတွေမှာ KNU တပ်မဟာ ၂ ၊ ၃ နယ်မြေတွေဖြစ်သလို စစ်ကောင်စီတပ်စခန်းတွေလည်း အများအပြားရှိကာ စစ်အာဏာမသိမ်းမီက နှစ်ဖက်တပ်တွေအကြား တိုက် ပွဲတွေမရှိခဲ့ပေမယ့် မြေမြှုပ်မိုင်းပေါက်ကွဲမှုတချို့ကိုတော့ ဒေသခံတွေကြုံတွေခဲ့ရပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ပဲခူးအရှေ့ခြမ်းမှာတိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာခဲ့ပြီး နှစ်ဖက်တပ်တွေမှာလည်း မြေမြှုပ်မိုင်းကို အများအပြားပြန်လည်အသုံးပြုလာတာ ဖြစ်ပါတယ်။

“စစ်ဆင်ရေးကာလ သူတို့လာတဲ့လမ်း ကိုယ်ထောင်မှာပဲလေ၊ ကိုယ်လာတဲ့လမ်း သူတို့ထောင်မှာပဲလေ။ ဒါပေမဲ့ ထောင်ပြီးတဲ့ဟာကို စစ်ဆင်ရေးပြီးသွားတဲ့အခါမှာ ကိုယ့်မိုင်းကိုမြေပုံလုပ်ထားရမယ်။” လို့ တောင်ငူခရိုင် ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

တော်လှန်ရေးတပ်တွေအနေနဲ့ မိုင်းအသုံးပြုမှုတွေရှိပေမယ့် မိုင်းကို မြေပုံညွှန်း၊ အမှတ်အသားတွေနဲ့ ထောင် လေ့ရှိပြီး စစ်ဆင်ရေးပြီးဆုံးချိန်မှာ မိုင်းတွေကို ပြန်လည်ရှင်းလင်းမှုတွေလုပ်ဆောင်တယ်လို့ သူက ဆိုပါ တယ်။

စစ်ကောင်စီတပ်ဖွဲ့ဘက်ကတော့ ၎င်းတို့ စစ်ကြောင်းထိုးသွား လာရာလမ်းကြောင်းတလျှောက်နဲ့ ကျေးရွာတွေ တဝိုက်မှာ မြေမြှုပ်မိုင်းတွေအသုံးပြုမိုင်းထောင်းပြီးနောက် မိုင်းပြန်လည်ရှင်းလင်းတာမျိုးမရှိတာကြောင့် အရပ်သားထိခိုက်မှု များပြားရတာလို့ သူက ပြောပါတယ်။

“စစ်ဆင်ရေးလုပ်တဲ့နေရာတွေမှာ သူတို့လုပ်တယ်။ မိုင်းတွေလုပ်ပြီးသွားရင် သူတို့မရှင်းဘူး။ (မိုင်း) ကျန်ခဲ့ တော့ တောင်ယာမီးရှို့တဲ့အခါမှာ ကွဲတယ်။ ဒါကတော့ အရှေ့ဘက်စစ်တောင်းမြစ်တကြောလုံးက ဒီတိုင်းအများဆုံးဖြစ်တာက ရွှေကျင်တို့၊ ကျောက်ကြီးတို့မှာ။“ လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ပဲခူးအရှေ့ခြမ်း၊ အုတ်တွင်းမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတခုကနေ အခုနှစ်ဆန်းပိုင်းမှာ CDM ပြုလုပ် လာတဲ့ တပ်ကြပ်ကြီးတဦးကတော့ ၎င်း CDM မပြုလုပ်မီကာလတွေမှာ စစ်ကောင်စီစစ်ကြောင်းနဲ့အတူ  စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းဒေသတွေကို လိုက်ပါခဲ့ရပြီး အဆိုပါစစ်ကြောင်းမှ စစ်ကောင်စီတပ်ရဲ့ နင်းမိုင်း( မြေမြှုပ်မိုင်း) အသုံးပြုမှုအခြေအနေကို အခုလို ရှင်းပြပါတယ်။

“ ထောင်တာက BE(စစ်မြေပြင်အင်ဂျင်နီယာတပ်)က အဖွဲ့တွေ ဦးဆောင်ပြီးထောင်တယ်။ လှုပ်ရှားထွက်ရင်း နဲ့ ရေဆိပ် အတက်အဆင်းလမ်းကြောင်းတွေမှာ ထောင်တယ်။ နောက် ပုံမှန်လူသွားလမ်းတွေထက် ဖြတ်လမ်းတွေလို လမ်းမျိုးတွေမှာ ထောင်တာများတယ်။  တခါထောင်ရင် အနည်းဆုံး ၇ လုံးလောက် ထောင်တယ်” လို့ ၎င်းက ပြောပါတယ်။

မြေမြှုပ်မိုင်းအသုံးပြုမှုတွေကိုတော့ နယ်မြေအလိုက် မြေပြင်စစ်ကြောင်းမှူးတွေရဲ့ ညွှန်ကြားတဲ့နေရာတွေ အပေါ်  မိုင်းထောင်တာတွေပြုလုပ်တာလို့  ဆိုပါတယ်။

မြန်မာစစ်ကောင်စီတပ်မှာ နှစ် ၂၀ နီးပါးတာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာရှင်ဆန့်ကျင်ရေးCDM လှုပ်ရှားမှုမှာ ပါဝင်နေသူ ဗိုလ်ကြီး ဇင်ယော်ကတော့ မြန်မာစစ်တပ်အနေနဲ့ မိုင်းနဲ့ပတ်သက်လို့ အမျိုးအစား ၃ ခုကို အဓိက ထားအသုံးပြုလေ့ရှိပြီး အဲ့ဒီထဲက M2(ပလတ်စတစ်မြေမြှုပ်မိုင်း)ကို တပ်ဖွဲ့အများစုက ပြန်ဖော်ကာရှင်းလင်း တာမျိုးမလုပ်ဘဲ “စွန့်လွှတ်မိုင်း”အဖြစ် ထားခဲ့လေ့ရှိတယ်လို့ ပြောပါတယ်။

“ M14(ပလတ်စတစ်လူသတ်မိုင်း) ဆိုရင်သိမ်းမယ်၊ ရှေ့ထွက်မိုင်း(M15) ဆိုရင် သိမ်းမယ်။ M2(မြေမြှုပ်မိုင်း) က ဖော်ခိုင်းရင်တောင် မဖော်ဘူး။ အရေးယူခံမယ်ဆိုပြီး အကုန်ထားပစ်ခဲ့တာ။ အကုန်စွန့်လွှတ်မိုင်းအဖြစ်နဲ့ ထားခဲ့တာ။ ဖော်ခိုင်းလည်း မဖော်ဘူး။ ဖော်ဖို့လည်း မလွယ်ဘူး” လို့ ဗိုလ်ကြီး ဇင်ယော် က ဆိုပါတယ်။

စက်တင်ဘာလအတွင်းမှာပဲ တောင်ငူခရိုင်အတွင်း ရေကြီး၊ ရေလျှံမှုတွေဖြစ်ပွားနေပြီး ယင်းကဲ့သို့ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပွားပြီးပါက မြေမြှုပ်မိုင်းအန္တရာယ်ပိုမိုကြုံတွေ့ရနိုင်ကြောင်း တောင်ငူခရိုင်ပကဖ စည်းရုံး ရေးတာဝန်ခံက သုံးသပ်ပါတယ်။

“ အခုလိုရေတက်တဲ့အချိန် ပိုဆိုးတာပေါ့၊ ရေမရောက်တဲ့အချိန် ဒီတိုင်းထောင်ခဲ့တယ်။ ရေတက်တဲ့အချိန်ကျ တော့ အဲ့မိုင်းကနုန်းနဲ့ ပိသွားတယ်။ မိုင်းဆိုတာမသေဘူး အခန်မသင့်ရင် အချိန်မရွေးပြန်ကွဲနိုင်တယ်။“ လို့ သူက ဆိုပါတယ်။  

အခုနှစ် မတ်လ ၁၃ ရက် ညနေပိုင်းမှာ ဝေါမြို့နယ်၊ ကျွန်းရွှေဝါရွာနဲ့ လက်ပံကျေးရွာအကြားအရှိ ငှက်ပျောပင် သောင်ပေါ်မှာ အုတ်ဖို ၁ ကျေးရွာနေ အသက် ၇ နှစ်နဲ့ ၅ နှစ် ကလေးငယ် ၂ ဦး ဆော့ကစားရင်း  စစ်ကောင်စီ တပ်ရဲ့ မြေမြှုပ်မိုင်းထိခဲ့လို့ ဒဏ်ရာရရှိခဲ့ပြီးနောက် အသက် ၅ နှစ်အရွယ် မောင်ကောင်းပြည့်ဖြိုးမှာ ဆေးကုသ ရင်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အလားတူ ဧပြီလ ၈ ရက် တရက်တည်းမှာပဲ ညောင်လေးပင်မြို့နယ်၊ ကွင်းဒလလေးကျေးရွာ လမ်းပေါ်မှာ လမ်းလျှောက်လာတဲ့ အသက် ၄၃ နှစ်အရွယ် ဦးကျော်မိုးဟာ စစ်ကောင်စီတပ်ရဲ့ မြေမြှုပ်မိုင်းထိခဲ့တာကြောင့် သေဆုံးခဲ့ရပြီး ကျောက်တံခါးမြို့နယ်၊ အောင်သိဒ္ဓိကျေးရွာအနီး ယာခင်းထဲကို ဆိုင်ကယ်စီးနင်းသွားတဲ့ သံမဏိရပ်ကွက်နေထိုင်သူ အသက် ၅၆ နှစ်အရွယ် ဦးကျော်မိုးနိုင်မှာ မိုင်းထိတာကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူလက အကောင်းအတိုင်းရှိတဲ့ ခြေထောက်တွေ မြေမြှုပ်မိုင်းကြောင့် ဆုံးရှုံးခဲ့ရတဲ့ မမူမြင့်ဟာ ၎င်းလိုအဖြစ်မျိုး တခြားသူတွေမှာ ထပ်မဖြစ်စေချင်တော့ဘူးလို့ ဝမ်းနည်းစွာနဲ့ ပြောပါတယ်။

“မဖြစ်စေချင်တော့ဘူး။ ဖြစ်မယ့်သာဖြစ်သွားတာ။ ဘယ်လိုမိုင်းမျိုးဆိုတာလည်း မသိဘူး။ နောက်ထပ် ကိုယ်ခံစားရသလိုမျိုး ကိုယ်ဖြစ်သွားသလိုမျိုး နောက်ထပ်လူတွေကို မဖြစ်တော့ရင် ကောင်းတာပေါ့။” လို့ ဆိုပါတယ်။  

လက်ရှိ မုန်းမြို့မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား နှစ်ဖက်တိုက်ပွဲတွေ ငြိမ်သက်လို့ နေပါတယ်။ မမူမြင့် မိုင်းနင်းမိခဲ့တဲ့ရေချိုးဆိပ်ဟာလည်း ဒေသခံတွေက မသွားရဲတော့တဲ့အတွက် လူသူကင်းမဲ့ပြီး တိတ်ဆိတ်လို့ နေပါတယ်။ 

ရေးသားသူ - ဟိန်းစံ၊ သင်ဇာ

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #မြေမြှုပ်မိုင်း #မိုင်းအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10