ခြိမ်းခြောက်မှုမြင့်မားလာတဲ့ ပဲခူးရှေ့ခြမ်းက မိုင်းအန္တရာယ် (ရုပ်သံဆောင်းပါး)

မမူမြင့်(အမည်လွှဲ)နဲ့ သူ့ညီမဖြစ်သူဟာ နေအိမ်နဲ့ ကိုက် ၂၀၀ ခန့်အကွာမှာရှိတဲ့ မုန်းချောင်းရေချိုးဆိပ်မှာ ရေချိုးရင်း ရေခပ်ဆင်းလာခဲ့ပါတယ်။ အချိန်က မေလ ၁၈ ရက် ညနေ ၆ နာရီပါ။ ဒီရေချိုးဆိပ်ဟာ သူတို့တွေ ပုံမှန်ရေခပ်၊ ရေချိုးလုပ်နေကြတဲ့နေရာပါ။

ရေချိုးဆိပ်ကိုသွားနေရင်းက ပေါက်ကွဲသံနဲ့အတူ မမူမြင့်တို့ ညီအမ နေရာမှာလဲကျသွားခဲ့ပါတယ်။ ပြန်ထဖို့ကြိုးစားနေပေမယ့် မမူမြင့် ထလို့မရတော့ပါဘူး။ ခန္ဓာကိုယ်အောက်ပိုင်းကို ကြည့်လိုက်ချိန်မှာ သူ့ရဲ့ခြေထောက်တွေ ခြေသလုံးအောက်ကနေ ပြတ်ထွက်နေတာကို မမူမြင့် မြင်တွေ့ လိုက်ရတာပါ။

မိုင်းပေါက်ကွဲသံ၊ မမူမြင့်တို့ရဲ့အော်ဟစ်အကူအညီတောင်းခံသံတွေကြောင့် အနီးမှာ မီးသွေးဖိုဆင်နေတဲ့ ယောက်ျားနဲ့ မောင်ဖြစ်သူတို့ ရောက်ရှိလာကာ သူတို့ညီအမနှစ်ဦးကို ဆေးရုံပို့ဖို့လုပ်ဆောင်ခဲ့ကြတယ်။ ဆေးရုံ ရောက်ရှိချိန်အထိ မမူမြင့် သတိကောင်းနေခဲ့သေးတယ်လို့ ဆိုပါတယ်။

“ တက်နင်းမိတာက ကျမနင်းမိတယ်လို့ ထင်တယ်။ သူ(ညီမ)က အရှေ့က ကျမက နောက်က။ မိုင်းက ပေါက် (ကွဲ)ပြီးတော့ ကိုယ်ကလည်း တုံးလုံးဖြစ်သွားတော့ ‘ဟယ် ငါမိုင်းတက်နင်းမိတာနဲ့တူတယ်’ ဆိုပြီး ထဖို့လုပ် တော့ ထူပူနေတဲ့အချိန်ဆိုတော့ မနာမကျင်သေးဘူးလေ။ လူကတော့ ထလို့ မရဘူး။ ငုတ်တုတ်ထိုင်လို့တော့ ရတယ်” လို့ သူ့အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

ရေးသားသူ - ဟိန်းစံ၊သင်ဇာ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ဆောင်းပါး #ရုပ်သံဆောင်းပါး #မြေမြှုပ်မိုင်း #မိုင်းအန္တရာယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10