ခွင့်ပြုချက်မရှိဘဲ စစ်တောင်းမြစ်ထဲဖြတ်သန်းရင် စစ်ကောင်စီက ပစ်ခတ်မယ်ခြိမ်းခြောက်ထားလို့ ကယ်ဆယ်ရေးစက်လှေတွေ အခက်တွေ့နေ

ခွင့်ပြုချက်မရှိဘဲ စစ်တောင်းမြစ်ထဲဖြတ်သန်းရင် စစ်ကောင်စီက ပစ်ခတ်မယ်ခြိမ်းခြောက်ထားလို့ ကယ်ဆယ်ရေးစက်လှေတွေ အခက်တွေ့နေ

ပဲခူးတိုင်း၊ ရေနီမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူတွေထံ ကူညီကယ်ဆယ်ရေးသွားရောက်မယ့် စက်လှေတွေကို စစ်တပ်က ဖြတ်သန်းခွင့်ပိတ်ပင်ထားပြီး ခွင့်ပြုချက်မရှိဘဲဖြတ်သန်းသွားလာပါက ပစ်ခတ်ခံရမယ်လို့ ခြိမ်းခြောက်ပြောဆိုထားကြောင်း ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၁၇ ရက်က စတင်ကာ ကယ်ဆယ်ရေးစက်လှေတွေကို စစ်တောင်းမြစ်အတွင်း ဖြတ်သန်းသွားလာခွင့်ပိတ်ထားတာကြောင့် ရေနီမြို့ အရှေ့ဖက် စစ်တောင်းမြစ်တဖက်ကမ်းရှိ ရေဘေးသင့်ကျေးရွာတွေအတွက် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ခွင့်မရဖြစ်နေတယ်လို့ ဆိုပါတယ်။

" စစ်တောင်းမြစ်ထဲကို ဘယ်လှေမှ ထွက်ခွင့်မပြုပါဘူး။ ထမင်းထုပ်၊ ရေနဲ့ ရိက္ခာလည်း သယ်လို့မရပါဘူး။ မြစ်ကိုဖြတ်ပြီးသယ်ရင် စက်လှေကို ပစ်မယ်ပြောထားတယ်" လို့ ရေဘေးကူညီသူအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ကယ်ဆယ်ရေးသွားမယ့် စက်လှေတွေအနေနဲ့ ရေနီမြို့က မဘသကိုယ်တော် (ဒေသအခေါ် အေးစေတီဘုန်းကြီး)ထံမှာ ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပြီး ၎င်းခွင့်ပြုချက်ရရှိမှသာ မြစ်ကိုဖြတ်သန်းခွင့်ပြုတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၃ ရက်ကစတင်ကာ စစ်တောင်းမြစ်အရှေ့ဘက်နဲ့အနောက်ဘက်ကမ်းရှိ ဘို့ကိုးလုံး၊ ရေနီလေး၊ ဟေမာန်၊ ဇေယျသိမ်၊ အောင်ချမ်းသာ၊ သရက်တော၊ ဆီမီးကံ၊ အင်ယားရွာ၊ အေးကြီးရွာ၊ ဇီးဖြူတန်းရွာ၊ ကျွန်းတိုင်း၊ ဝါးရုံလဲ၊ ရဲကုန်းနဲ့ ဥသျှစ်ပင်စတဲ့ရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော် ရေဘေးသင့်နေတာဖြစ်ပြီး ယနေ့အထိ ရေပြန်မကျသေးဘူးလို့ ဆိုပါတယ်။

ရေဘေးသင့်ရွာတွေအနက် စစ်တောင်းမြစ်အရှေ့ခြမ်းရှိ ဟေမာန်ရွာမှာ နေအိမ် ၁၀ လုံးရေမျောသွားသလို ကျန်အိမ်တွေမှာလည်း ရွှံ့နွံ့အမှိုက်တွေတင်နေပြီး ကျွဲ၊နွား သေဆုံး၊ပျောက်ဆုံးတာတွေလည်း ရှိနေတယ်လို့ ဒေသခံရေဘေးသင့်သူတဦးက ပြောပါတယ်။

စစ်တောင်းမြစ်ကူးတံတားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်မယ်လို့ခြိမ်းခြောက်ထားတာကြောင့် ဒေသခံပရဟိတအဖွဲ့တွေ အနေနဲ့လည်း ပစ်ခတ်ခံရမှာစိုးရိမ်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားထားရတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့ဝင်တွေက ဆိုပါတယ်။

ပုံစာ - ရေဘေးသင့် နေအိမ်တချို့နဲ့ စေတီတို့ကို တွေ့ရစဥ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #ရေနီ #စစ်တောင်းမြစ် #ရေဘေး #စစ်တပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10