ဂန့်ဂေါက စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးအကူအညီလိုအပ်နေ

ဂန့်ဂေါက စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးအကူအညီလိုအပ်နေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်တောင်ပိုင်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို  Mobile Medical Team အနေနဲ့ အခမဲ့လှည့်လည် ဆေးကုသပေးရာမှာ ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်တပ်ရင်း အမှတ် ၁၃ ထံက သိရပါတယ်။

တော်လှန်ရေးစပြီးနောက်ပိုင်း တပ်ရင်းတပ်ဖွဲ့အနေနဲ့ စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပေမယ့် အခုလို ဆရာဝန်တွေနဲ့ သူနာပြု ဆရာ၊ ဆရာမတွေ ပူးပေါင်းလုပ်ဆောင်တာကတော့ ၂၀၂၃ မတ်လလယ်ပိုင်းမှာ စတင်ကုသပေးနေတာလို့ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် ၁၃၊ ယာယီဒုတပ်ရင်းမှူးက မြေလတ်အသံကိုပြောပါတယ်။

လက်ရှိမှာ Mobile Medical Team အနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို လိုက်လံကုသပေးရာမှာ ရာသီပေါ် တုပ်ကွေးဖြစ်တဲ့လူနာတွေကို အများဆုံးကုသပေးနေရတယ်လို့လည်း ဆိုပါတယ်။ 

"အခုလို မိုးရာသီမှာ အဖြစ်များနေတဲ့ တုပ်ကွေးရောဂါအတွက် ဆေးတွေဆိုရင် အလုံအလောက်မရှိပါဘူး။ ဆေးဝါးအကူအညီ လိုအပ်နေပါတယ်" လို့ ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် ၁၃၊ ယာယီဒုတပ်ရင်းမှူးက ပြောပါတယ်။

ဂန့်ဂေါဒေသမှာ ဆေးဝါးသယ်ယူခွင့်နဲ့ပတ်သက်လို့ စစ်ကောင်စီက ဆေးဝါးအမျိုးအစားကန့်သတ်မှုတွေ လုပ်ထားတာဟာ ၁ နှစ်ကျော်ရှိနေပြီဖြစ်ကာ လမ်းခရီးမှာ စစ်ဆေးမှုတွေရှိတာကြောင့်လည်း ဆေးဝါးရရှိဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ 

ဂန့်ဂေါနယ်မြေအတွင်း စစ်ကောင်စီစစ်ကြောင်းတွေ မကြာခဏဝင်လာတာမျိုးတွေရှိတာကြောင့် စစ်ရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်ဖို့ကို ဆေးခန်းဖွင့်ပြီး နေ့စဥ်ကုသပေးတာမျိုး မလုပ်နိုင်ဘဲ အခုလို ရွေ့လျားဆေးကုသမှုပေးတဲ့ Mobile Medical Team နဲ့ ကုသပေးနေရတာဖြစ်ပါတယ်။

Mobile Medical Team ကို တပ်ရင်းမှာရှိတဲ့ ရဲဘော်ရဲမေတွေ၊ မြို့နယ်အတွင်းက CDM ဆရာဝန်တွေ၊ တခြားစေတနာ့ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး လှည့်လည်ကုသပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဂန့်ဂေါခရိုင်တောင်ပိုင်းနယ်မှာ အမြဲတမ်းစစ်ရှောင်နေရတဲ့ရွာ ၄ ရွာက စစ်ရှောင်ဦးရေ ၄၀၀ ခန့်ရှိပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့အပေါ် မူတည်ကာ ရက်ပိုင်းကာလ စစ်ရှောင်နေရတဲ့ ကျေးရွာတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါခရိုင်တောင်ပိုင်း #စစ်ဘေးရှောင်ပြည်သူ  #Mobile_Medical_ Team #ဆေးဝါး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10