ဂန့်ဂေါခရိုင်က ကျေးရွာ ၂ ရွာမှာ စစ်အုပ်စုကပစ်ခတ်တိုက်ခိုက်လို့ အမျိုးသမီး ၃ ဦးအပါ ၇ ဦးသေဆုံး

ဂန့်ဂေါခရိုင်က ကျေးရွာ ၂ ရွာမှာ စစ်အုပ်စုကပစ်ခတ်တိုက်ခိုက်လို့ အမျိုးသမီး ၃ ဦးအပါ ၇ ဦးသေဆုံး

မကွေးတိုင်း၊ ဆောမြို့နယ်၊ ပန်းဆန်ကျေးရွာနဲ့ ထီးလင်းမြို့နယ်၊ ကျင်းမြောက်ရွာမှာ စစ်ကောင်စီတပ်သားတွေရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စုစုပေါင်း ဒေသခံ ၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ယောနယ်ရှိ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။ 

အောက်တိုဘာ ၅ ရက် မနေ့ကမနက် ၁၀ နာရီလောက်မှာကျောက်ထုအမြောက်တပ်ကနေ ၁ မိုင်ကျော် လောက်ဝေးတဲ့ ပန်းဆန်ကျေးရွာထဲကို ၁၂၀ မမနဲ့ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံးပေါ် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် မိသားစုဝင် ၃ ဦးထဲက အမေဖြစ်သူပွဲချင်းပြီးသေဆုံးပြီး သမီး ၂ ဦးထဲက အငယ်ဆုံးသမီးဟာ ဆေးကုသဖို့သွားရင်း လမ်းမှာသေဆုံးခဲ့တာပါ။ 

သေဆုံးသူတွေဟာ အသက် ၄၁ နှစ်အရွယ် ဒေါ်ခင်တိုးနဲ့ အသက် ၁၄ နှစ်အရွယ် သမီးငယ် မခိုင်စုလွင်တို့ဖြစ်ပြီး သမီးအကြီးကတော့ ဆေးကုသမှုခံယူနေရကာ စိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကြီးနဲ့ပစ်ပြီ ၅ မိနစ်လောက်အကြာမှာတော့ စစ်ကောင်စီရဲ့ဒရုန်းတွေနဲ့ အဲ့ဒီရွာထဲကိုပဲ ဗုံးသီးတွေပစ်ချခဲ့တာကြောင့် နောက်ထပ်ဒေသခံ ၁၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ 

“ဒရုန်းနဲ့ ဗုံးသီးကြဲချတာကျတော့ ပန်းဆန်ကျေးရွာ လမ်းဆုံကျတယ်။ အဲ့မှာ လူတအားစည်တယ်။  အရင်ခေတ်ကောင်းတုန်းက ထမင်းဆိုင်တွေ၊ စျေးဆိုင်တွေ၊ ကားရပ်နားရာနေရာလိုဖြစ်နေတာ။ ကားတွေနားနေကျလမ်းဆုံပေါ့။ အခုလည်း ဆိုင်တွေနည်းနည်းလျော့ပေမယ့် ရှိကြသေးတယ် ” လို့ ယောနယ်ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် နေအိမ်တချို့ထိမှန်ပျက်စီးမှုတွေရှိပေမယ့် ပျက်စီးမှုအခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။ 

အလားတူ အဲ့ဒီနေ့လယ် ၃ နာရီလောက်မှာလည်း ထီးလင်းမြို့နယ်၊ ကျင်းမြောက်ရွာမှာ ထိတွေ့တိုက်ပွဲမရှိဘဲ မကွေးလေတပ်ဘက်ကလာတဲ့ ဂျက်ဖိုက်တာနဲ့ ကျေးရွာထဲကိုဗုံးကြဲခဲ့တာကြောင့် အမျိုးသား ၄ ဦးပွဲချင်းပြီးသေဆုံးပြီး နောက်ထပ်အမျိုးသမီး ၁ ဦးကတော့ ဆေးကုသမှုသွားချိန် လမ်းမှာသေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးရဲဘော်တွေဆီကတဆင့် သိရပါတယ်။ 

စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်အပြင် အရပ်သားပစ်မှတ်တွေကိုပါ ပေါ်ပေါ်ထင်ထင် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေလည်း ထိခိုက်သေဆုံးမှုတွေရှိနေတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ စစ်တင်ဘာလအတွင်းမှာလည်း စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းအပါအဝင် နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၃၅၀ ကြိမ်နဲ့ ဒရုန်းတိုက်ခိုက်မှု ၃၁ ကြိမ်ရှိခဲ့ပြီး တိုက်ခိုက်မှုတွေအတွင်း အရပ်သား ၂၀၀ ကျော်သေဆုံးခဲ့တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေး (Blood Money Campaign) အဖွဲ့ရဲ့ အောက်တိုဘာ ၅ ရက်က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဆော #ထီးလင်း #အရပ်သားသေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10