ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့က ရဲတပ်သားတဦး ကျည်မျိုးစုံ ၉၀ ကျော်ယူလာပြီး PDF ထံ အလင်းဝင်

ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့က ရဲတပ်သားတဦး ကျည်မျိုးစုံ ၉၀ ကျော်ယူလာပြီး PDF ထံ အလင်းဝင်

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်တဦး ကျည်ဆန်တွေယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ Federal Revolution Force - Gangaw တပ်ဖွဲ့ဆီက သိရပါတယ်။

အလင်းဝင်ရောက်လာသူမှာ ၅ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ရဲတပ်သား ကျော်ဇင်ထွန်း ဆိုသူဖြစ်ပြီး မေ ၁၉ ရက် မနေ့ ညနေ ၄ နာရီခွဲလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။

“ သင်္ကြန်ပြီးကတည်းက အလင်းဝင်ဖို့ဆက်သွယ်ခဲ့ပေမယ့် သူ့ဘက်ကထွက်ဖို့အဆင်မပြေတော့ အချိန်က ကြာသွားတာပေါ့နော်။ လက်နက်တွေလည်း ယူလာလို့မရတော့ ကျည်တွေပဲယူခဲ့ရတယ်။ လုံခြုံတဲ့နေရာဆီပို့ထားတယ်” လို့ Federal Revolution Force-Gangaw တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ရဲတပ်သား ကျော်ဇင်ထွန်းဟာ ၎င်းနဲ့အတူ ၇.၆၂ မမ ကျည် ၆၃တောင့် ၊ ၅.၅၆ မမ ကျည် ၂၂တောင့် ၊  ၉ မမ ကျည် ၇တောင့် စုစုပေါင်း ကျည်မျိုးစုံ ၉၂ တောင့်ကို ယူဆောင်ပြီး အလင်းဝင်လာတာလည်း ဖြစ်ပါတယ်။

အလင်းဝင်ရောက်လာတဲ့ ရဲတပ်သား ကျော်ဇင်ထွန်း ဟာ စစ်တပ်အာဏာသိမ်းကတည်းက CDM လုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ အခွင့်အရေးမရှိခဲ့တဲ့အတွက် အခုမှအလင်းဝင်ရောက်ရတာဖြစ်သလို စစ်ကောင်စီလက်အောက်မှာ ဆက်လက်လုပ်ကိုင်ချင်စိတ်မရှိတော့တဲ့အတွက် ရအောင်ထွက်ခွာခဲ့တာဖြစ်တယ်လို့ အလင်းဝင်လာတဲ့ ကိုကျော်ဇင်ထွန်းက ပြောပါတယ်။

“ကျနော်တို့ CDM မလုပ်ခင်ကလည်း သူတို့ (စစ်ကောင်စီ)ပြောတယ်။ မင်းတို့ဟိုဘက်သွားရင် မင်းတို့ကို မယုံဘူး၊ သတ်ပစ်မယ်ဆိုတာတွေရှိတယ်။ အခုချိန်ထိ CDM မလုပ်တဲ့သူတွေကိုလဲ CDM လုပ်စေချင်တယ်။သူတို့မကောင်းတာလုပ်နေတာ သိပြီဆိုတော့လေ စစ်အာဏာရှင်လက်အောက်မှာ အလုပ်ဆက် မလုပ်ကြဖို့ကိုလည်း ပြောချင်ပါတယ်” လို့ သူက ဆိုပါတယ်

Federal Revolution Force - Gangaw တပ်ဖွဲ့ဆီ အလင်းဝင်ရောက်လာတာ ၃ ဦးရှိပြီဖြစ်ပြီး လက်နက်ယူဆောင်လာသူတွေကို ဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်သလို  လက်နက်မပါတဲ့သူတွေကိုတော့ ထိခိုက်မှုတစုံတရာမရှိအောင် အာမခံထားပေးတာမျိုးတွေ လုပ်ဆောင်ပေးတယ်လို့လည်း အဆိုပါအဖွဲ့က ပြောပါတယ်။

ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မြို့သိမ်းတိုက်ပွဲတွေမဆင်နွဲခင် ပြည်သူ့ရင်ခွင်ထံခိုဝင်လို့ရသလို နီးစပ်ရာအဖွဲ့အစည်းတွေဆီ အလင်းဝင်မဲ့မည်သူမဆို ကြိုဆိုကြောင်း ဖြည့်စွက်ပြောဆိုထားပါသေးတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ဂန့်ဂေါ #ခရိုင်ရဲတပ်ဖွဲ့ #ရဲတပ်သား #CDM #အလင်းဝင် #ပြည်သူ့ရင်ခွင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10