ဂန့်ဂေါဒေသခံတွေရဲ့ ပစ္စည်းတွေကိုယူနေတဲ့စစ်အုပ်စု ဒရုန်းနဲ့တိုက်ခိုက်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ဒေသခံပြည်သူတွေရဲ့ ပစ္စည်းတွေကိုဖျက်ဆီးယူဆောင်နေတဲ့ စစ်အုပ်စုကို နိုဝင်ဘာလ ၁ ရက် မနေ့က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ထားပါတယ်။

ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းက စစ်အုပ်စုအင်အား ၅၀ လောက်ဟာ ကန်ရွာထဲက ပြည်သူပိုင်နေအိမ်တွေကို ဖျက်ဆီးယူဆောင်နေလို့ မနေ့နေ့လယ် ၁ နာရီခွဲလောက်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဗုံးသီးချတိုက်ခိုက်နေချိန်မှာ ကန်နယ်မြေရဲစခန်းရှိ စစ်အုပ်စုက လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

​ဒီတိုက်ခိုက်မှုကိုတော့ ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်း Drone တပ်ဖွဲ့၊ ဂန့်ဂေါခရိုင်အမှတ်  ၁၂ တပ်ရင်း Drone တပ်ဖွဲ့၊ Hyper UAV Force Drone တပ်ဖွဲ့နဲ့ ဂန့်ဂေါမြို့နယ် ကန်ရွာ ပကဖ အဖွဲ့ဝင်တို့ ပေါင်းကာတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၂၅ ရက်ကလည်း ဂန့်ဂေါမြို့နယ်၊ ကန် နယ်မြေရဲစခန်းက စစ်အုပ်စုက ကန်ရွာအတွင်းက ကြက်၊ ဝက်တွေဖမ်းယူနေလို့ ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်း Drone တပ်ဖွဲ့၊ ဂန့်ဂေါခရိုင်အမှတ် ၁၂ တပ်ရင်း Drone တပ်ဖွဲ့၊ ဂန့်ဂေါမြို့နယ် ကန်ပကဖ တို့ပေါင်းပြီး ဗုံးသီးချ တိုက်ခိုက်ခဲ့ကြပါသေးတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ကန်နယ်မြေရဲစခန်းကို ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းအပါ ပူးပေါင်းအဖွဲ့တွေဟာ တိုက်ခိုက်မှု အကြိမ် ၁၀၀ ဝန်းကျင်ခန့်ရှိခဲ့ပြီး စစ်အုပ်စုဘက်က သေဆုံးသူ ၈ ဦးရှိတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ရုပ်သံ #မကွေးတိုင်း #ဂန့်ဂေါ #ပကဖ #စစ်ကောင်စီ #ဒရုန်းတိုက်ခိုက်မှု #ပြည်သူပိုင်ပစ္စည်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10