ဂန့်ဂေါနယ်က စစ်ရှောင်စာသင်ကျောင်း ၉ ကျောင်းမှာ မိုးကာနဲ့ဆေးဝါး အဓိကလိုအပ်နေ

ဂန့်ဂေါနယ်က စစ်ရှောင်စာသင်ကျောင်း ၉ ကျောင်းမှာ မိုးကာနဲ့ဆေးဝါး အဓိကလိုအပ်နေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ စစ်ရှောင်စာသင်ကျောင်း ၉ ကျောင်းမှာ မိုးကာ၊ ဆေးဝါးနဲ့ စာရေးကိရိယာတွေ လိုအပ်နေတယ်လို့ ဂန့်ဂေါမြို့နယ်ပညာရေးဘုတ်အဖွဲ့ဆီက သိရပါတယ်။ 

မိုးတွင်းကာလဖြစ်တာကြောင့် တချို့ကျောင်းတွေမှာ ကျောင်းဆောင်အမိုးမလုံတဲ့အတွက် မိုးကာစတွေလိုအပ်နေပြီး တချို့ကျောင်းတွေမှာတော့ ဆေးဝါးနဲ့ စာရေးကိရိယာတွေလိုအပ်နေကာ တကျောင်းနဲ့တကျောင်းတော့ လိုအပ်ချက်ကွာခြားမှုရှိတယ်လို့ ဆိုပါတယ်။  

“လိုအပ်တာက တကျောင်းနဲ့တကျောင်းကတော့ မတူဘူး။ တချို့ကျောင်းက အမိုးကတော့ နေလို့ရသေးတယ်။ မာကာတို့၊ မင်အိုးတို့၊ စာရေးကိရိယာတို့ အဲ့ဒါတွေ လိုအပ်တဲ့ကျောင်းတွေလည်း ရှိတယ်။ တချို့က အမိုးအကာမလုံသေးတဲ့ကျောင်းတွေ အများကြီးရှိတယ်။” လို့  ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင် ကိုလင်းအောင်က မြေလတ်အသံကို ပြောပါတယ်။

လက်ရှိမှာ မိုးကာစလိုအပ်နေတဲ့စာသင်ကျောင်းတွေထဲက ၂ ကျောင်းကို ဒေသခံတွေဆီကနေ အလှူငွေ ကောက်ခံကာ ထောက်ပံ့ပေးထားပြီး နောက်ထပ်ကျောင်းတွေကို ထောက်ပံ့ဖို့ရှိနေသေးတယ်လို့ ဆိုပါတယ်။ 

ဂန့်ဂေါမြို့နယ်အတွင်းမှာ LINC ဘောပင်တချောင်းကို ၁၀၀၀ ကျပ်၊ ဗလာစာအုပ်တဒါဇင်ကို ၁၈၀၀၀ ကျပ်၊ မင်အိုးတအိုးကို ၁၂၀၀၀ ဝယ်ယူနေရကာ ကျောင်းသုံးဗလာစာအုပ်နဲ့ ဘောပင်တွေလည်း လုံလောက်မှုမရှိဘူးလို့ ကိုလင်းအောင်က ပြောပါတယ်။ 

အလားတူ ဖျားနာတာ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ယားနာဖြစ်တဲ့ ကျောင်းသားတွေရှိနေပြီး ဆေးဝါးသယ်ယူရာမှာ အခက်အခဲရှိပြီး ဈေးနှုန်းလည်းကြီးမြင့်တာကြောင့် လုံလောက်တဲ့ဆေးဝါး မရရှိဘဲ တချို့ကလေးငယ်တွေဆိုရင် မိရိုးဖလာဆေးမြီးတိုတွေနဲ့ ကုနေရတယ်လို့ ဆိုပါတယ်။  

"အဓိက,က ခုချိန်ကဖျားတာ။ တုပ်ကွေးသဘောမျိုးလည်း ပြောလို့ရတယ်။ ပြီးတော့ တချို့ကလေးတွေမှာ အရေကြည်ဖုလေးနဲ့ ယားတဲ့ပုံစံလေးတွေလည်း ဖြစ်တယ်။ ပြီးတော့ လျှာနာတယ်၊ ထမင်း မစားနိုင်ဘူး။ အဲ့ရောဂါလည်း ဖြစ်တယ်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်တယ်။ ဆေးဝါးလုံလောက်မှုကတော့ မရှိဘူးဗျာ။ တချို့ဒေသတွေဆို မိရိုးဖလာရှေးတုန်းကသုံးတဲ့ ဆေးမြီးတိုတွေနဲ့ ကုနေရတာတွေလည်း ရှိတယ်။” လို့ ကိုလင်းအောင်က ဆိုပါတယ်။ 

ဂန့်ဂေါဒေသမှာ ဆေးဝါးသယ်ယူခွင့်နဲ့ပတ်သက်လို့ စစ်ကောင်စီက ဆေးဝါးအမျိုးအစား ကန့်သတ်မှုတွေ လုပ်ထားပြီး လမ်းခရီးမှာ စစ်ဆေးမှုတွေရှိတာကြောင့်လည်း ဆေးဝါးရရှိဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ 

အထက်ပါစာသင်ကျောင်းတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ - NUG လက်အောက်ခံ စာသင်ကျောင်းတွေဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလောက်လမှာ စတင်ဖွင့်လှစ်ပြီး ကျောင်းတကျောင်းစီမှာ KG ကနေ G7 အထိ ကျောင်းသားကျောင်းသူ ၁၂၀ ဦးရှိပြီး ဆရာဆရာမ ၁၀ ဦးဝန်းကျင်က ပညာသင်ကြားပေးနေတာလို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #စာသင်ကျောင်း #အကူညီလိုအပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10