ဂန့်ဂေါနယ်ထဲက ရာသီတုတ်ကွေးဖြစ်နေတဲ့ စစ်ရှောင်တွေကို ABSDF Column -3 က ကျန်းမာရေးစောင့်ရှောက်မှုပေး

ဂန့်ဂေါနယ်ထဲက ရာသီတုတ်ကွေးဖြစ်နေတဲ့ စစ်ရှောင်တွေကို ABSDF Column -3 က ကျန်းမာရေးစောင့်ရှောက်မှုပေး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ရာသီတုတ်ကွေးကြောင့် ဖျားနာနေတဲ့စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ဆောင်ပေးခဲ့တယ်လို့ ABSDF Column – 3 တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဇွန်လ ၁၁ ရက်က စတင်ကာ ကျန်းမာရေး CDM ဝန်ထမ်း ၃ ဦးနဲ့ စစ်ရှောင်စခန်းတွေကိုသွားရောက်ကုသပေးနေတာဖြစ်ပြီး ရာသီအကူးအပြောင်းကာလဖြစ်လို့ အိမ်ထောင်စု ၅၀၀ က ကလေး၊ လူကြီးမိသားစုဝင် ၁၅၀၀ ဦးခန့်မှာ ၉၀ ရာခိုင်နူန်းလောက်က ဖျားနာတာနဲ့ ရာသီတုတ်ကွေးရောဂါတွေ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။

"စစ်ရှောင်တွေနေတဲ့နေရာတွေကို လိုက်ပြီးကုသပေးနေရတာပါ။ ဆေးဝါးကတော့ လုံလောက်မှုမရှိဘူးဗျ။ ဒီလိုဘဲ ပြတ်လိုက်၊ အလှူရှင်ရှိရင် ဝယ်ဖြည့်လိုက်နဲ့ပါ။ စခန်းရန်ပုံငွေကလည်း စစ်ဘေးရှောင်အတွက် စိုက်ထုတ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးနေရတယ်" လို့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောပါတယ်။

ရာသီဖျား တုတ်ကွေးဖြစ်တဲ့အတွက် ကိုယ်လက်ကိုက်ခဲတာ၊ နှာစေးတာနဲ့ ညောင်းညာတာတွေဖြစ်ပြီး ရောဂါခံစားရမှု တပတ်နီးပါးအထိကြာမြင့်ပေမယ့် သေဆုံးတာမျိုးတော့မရှိသေးဘူးလို့ ဆိုပါတယ်။

ဒေသခံတဦးပြောတာကတော့ စစ်ရှောင်တွေအနေနဲ့ တောတိုက်ထဲက စစ်ရှောင်တဲတွေမှာနေရတဲ့အတွက် အပူ၊အအေး မမျှတာ၊ စားဝတ်နေရေးအတွက်လုပ်ကိုင်ရင်း ရုတ်တရက်မိုးမိရာက ဖျားနာတာတွေနဲ့ လူအများစုဝေးနေရတဲ့အတွက် ပိုပြီးကူးဆက်လွယ်တာလို့လည်း ဆိုပါတယ်။

စစ်ရှောင်တွေရဲ့ကျန်းမာရေးကိုကူညီစောင့်ရှောက်လိုသူ အလှူရှင်တွေအနေနဲ့ ABSDF Column - 3 Page ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ဂန်ဂေါနယ် #စစ်ဘေးရှောင် #ကျန်းမာရေး #စောင့်ရှောက်မှု #ABSDF

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10