ဂန့်ဂေါနယ်မှာ စစ်တပ်က နေအိမ် ၇ လုံးကို မီးရှို့၊ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦး သေဆုံး

ဂန့်ဂေါနယ်မှာ စစ်တပ်က နေအိမ် ၇ လုံးကို မီးရှို့၊ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ လုံခြုံရွာက လူနေအိမ် ၇ လုံးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းက သြဂုတ် ၁၄ ရက် မနေ့ မနက်ပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ကနေ အင်အား ၁၅၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အနောက်ဘက် ဂန့်ဂေါရွာနဲ့ ပျားရွာဘက်ကို စစ်ကြောင်း ၂ ကြောင်းခွဲပြီး ထွက်ခွာလာခဲ့ပါတယ်။ 

အဲဒီနောက် မနက်စောစော ၂ နာရီလောက်မှာ အဆိုပါစစ်ကြောင်း ၂ ကြောင်းဟာ အောင်မြင်ရွာထဲကို ဝင်ရောက်ပြီး မနက် ၈ နာရီလောက်မှာတော့ အဲဒီရွာနဲ့ ၁ မိုင်ကျော်ဝေးတဲ့ လုံခြုံရွာထဲကို လက်နက်ငယ်တွေ ပစ်ဖောက်ပြီး ဝင်ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

“အင်အား ၅၀ လောက်က လုံခြုံရွာထဲကိုဝင်ပြီး ရွာအရှေ့ဘက် ကတ္တရာလမ်းဘေးမှာရှိတဲ့ အိမ် ၇ လုံးကို မီးရှို့သွားတာ။ ၁ လုံးပဲ မီးလောင်ကျွမ်းသွားတာ။ ကျန်တဲ့ အိမ်တွေကတော့ အနည်းငယ်ပဲ လောင်သွားတာ။ အောင်မြင်ရွာကနေလည်း လောင်စာဆီတွေကို ကား ၂ စီး နဲ့ သယ်သွားသေးတယ်။” လို့ ဂန့်ဂေါတောင်ပိုင်း ပကဖ တာဝန်ခံတဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးလာတဲ့အတွက် အောင်မြင်ရွာ၊ လုံခြုံရွာ ၊ ရှုံးရှီရွာအပါအဝင် အခြားရွာက ဒေသခံတွေဟာ လုံခြုံရွာရဲ့ အနောက်ဘက်လမ်းဆုံမှာ ပုန်းရှောင်နေချိန် ခလရ ၅၀ တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ရှုံးရှီဒေသခံအမျိုးသမီးတဦးနဲ့ ကာကွယ်ရေးရဲဘော်တဦး ထိမှန်သေဆုံးသွားသလို  ဒေသခံ ၅ ဦးထက်မနည်း ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ဆိုပါတယ်။

“လက်နက်ကြီး ၁ လုံးကျလို့ ပြည်သူတွေကို ကူညီပေးနေတဲ့ တော်လှန်ရေးရဲဘော် ၁ ယောက် ဆုံးသွားတယ်။ ပြီးတော့ ရှုံးရှီရွာသူ ၁၉ နှစ်အရွယ်အမျိုးသမီး ၁ ဦးလည်း ဆုံးသွားတယ်။ ဒဏ်ရာရတဲ့လူတွေကတော့ အခု လက်ရှိအနေအထားအရ စိုးရိမ်ရတဲ့ဒဏ်ရာတွေတော့ မဟုတ်တော့ပါဘူး” လို့ အထက်ပါ ပကဖတာဝန်ခံက ဆက်ပြောပါတယ်။

လုံခြုံရွာကို မီးရှို့ပြီး နေ့လယ် ၁ နာရီလောက်မှာတော့ အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ အောင်မြင်ရွာထဲကို ပြန်လည်ဝင်ရောက်သွားပြီး  နေ့လယ် ၂ နာရီလောက်မှာတော့ ခလရ ၅၀ ထဲကို ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။ 

အိမ်ခြေ  ၄၀ ဝန်းကျင်ရှိတဲ့ လုံခြုံရွာဟာ အခုလိုမီးရှို့ခံရတာ ပထမအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အောင်မြင်ရွာ၊ လုံခြုံရွာအပါအဝင် အခြား ကျေးရွာက ဒေသခံပြည်သူတွေဟာ သူတို့ရဲ့သက်ဆိုင်ရာကျေးရွာတွေထဲကို ပြန်လည်ဝင်ရောက်နေထိုင်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

သြဂုတ် ၁၅ ရက် ဒီနေ့မနက်မှာလည်း ခလရ ၅၀ တပ်ကနေ လက်နက်ကြီးတွေနဲ့ အဆိုပါကျေးရွာတွေဘက်ကို အဆက်မပြတ် ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ပုံစာ - ဩဂုတ် ၁၄ ရက်က မီးရှို့ခံလိုက်ရသည့် လုံခြုံရွာက နေအိမ်တလုံး။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါမြို့ #လုံခြုံရွာ #လူနေအိမ်#စစ်ကောင်စီ #စစ်ကြောင်း #မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10