ဂန့်ဂေါနယ်မှာ နှမ်းရိတ်သိမ်းချိန် လုပ်သားရှားပါးပြီး လုပ်ခစရိတ်မြင့်တက် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း နှမ်းရိတ်သိမ်းရာမှာ လုပ်သားရှားပါးနေပြီး လုပ်သားခေါ်ယူရတာ မလွယ်ကူတဲ့အတွက် လုပ်ခစရိတ်တွေ မြင့်တက်နေတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။ 

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြစ်သာမြစ်ရဲ့ အနောက်ဘက်နဲ့အရှေ့ဘက်ကမ်းက ကျေးရွာပေါင်း ၂၅ ရွာဝန်းကျင်မှာ သြဂုတ်လလယ်ပိုင်းကစလို့ နှမ်းရိတ်သိမ်းနေကြတာဖြစ်သလို လုပ်သားရှားပါးနေတာကြောင့် ယခင်နှစ်တွေထက် လုပ်အားခတွေ ပိုပေးပြီး ခေါ်ယူနေရတယ်လို့ ဆိုပါတယ်။ 

ယခင်နှစ်က နှမ်းရိတ်သိမ်းရာမှာ လုပ်သားတဦးကို မနက်ပိုင်းလုပ်အားခ ၃၀၀၀ ကျပ်ကနေ အခုနှစ်မှာတော့ ၅၀၀၀ ကျပ်ပေးရတာဖြစ်သလို တနေ့တာ နှမ်းရိတ်၊ နှမ်းပုံ၊ နှမ်းထောင်း၊ နှမ်းခါပြီး သိမ်းဆည်းတဲ့အထိဆိုရင် ၁၅၀၀၀ ကျပ်အထိ ငှားရမ်းခရှိတယ်လို့ တောင်သူက ဆက်ပြောပါတယ်။ 

မေလအတွင်းမှာ နှမ်းနီ၊ နှမ်းနက်၊ နှမ်းဝါ၊ နှမ်းဖြူမျိုးတွေစိုက်ပျိုးကာ စက်တင်ဘာအတွင်း အပြီးရိတ်သိမ်းကြရပြီး နှမ်းတဧက အထွက်နှုန်းမှာ မြေအမျိုးအစားပေါ် မူတည်သလို တဦးနဲ့တဦး နှမ်းအထွက်နှုန်းတွေ ကွာခြားမှုရှိတယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၂၇ ရက် မကွေးကုန်စည်ဒိုင်စျေးနှုန်းအရ နှမ်း ၁၅ ပိဿာကို နှမ်းနက် ၁၂၈၀၀၀ ကျပ်၊ နှမ်းဖြူ ၁၄၀၀၀၀ ကျပ်၊ နှမ်းနီ ၁၂၅၀၀၀ ကျပ်စျေးရှိပြီး၊ နှမ်းသီးနှံကို ဂန့်ဂေါမြို့မှာ ရောင်းချတာများသလို ကျေးရွာအထိလည်း ပွဲစားတွေက လာရောက်ဝယ်ယူတာတွေ ရှိတယ်လို့ ဆိုပါတယ်။

နှမ်းရိတ်သိမ်းပြီးပါက ပဲယင်း၊ ပဲတီးစိမ်း၊ ပဲစဥ်းငုံ၊ ပန်းနှမ်း၊ ပဲဖြူ၊ ပဲထောပတ်၊ သီးနှံတွေကို မြေအမျိုးအစားပေါ်မူတည်ပြီး တောင်ယာမြေတွေမှာ ပြန်လည်စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #နှမ်းရိတ် #လုပ်အားခ #နေ့စားခ #မြင့်တက် #ရုပ်သံသတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10