ဂန့်ဂေါနယ်မှာ ၂ ရက်ဆက်တိုက်မိုးရွာလို့ နေအိမ်နဲ့ပစ္စည်းတွေ ချောင်းထဲမျောပါ

ဂန့်ဂေါနယ်မှာ ၂ ရက်ဆက်တိုက်မိုးရွာလို့ နေအိမ်နဲ့ပစ္စည်းတွေ ချောင်းထဲမျောပါ

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းက ထယ်လှော်ကျေးရွာမှာ ဇူလိုင် ၃၀ ရက်ကစလို့ မိုးရွာသွန်းတာများပြီး ချောင်းရေလျှံကာ လူနေအိမ်နဲ့ပစ္စည်းတွေ ချောင်းရေ နဲ့မျောပါလို့ ဒေသခံတွေအခက်အခဲကြုံနေရတယ်လို့ ထယ်လှော်ရွာ ဒေသခံတွေက ပြောပါတယ်။ 

မောက်ကျေးရွာအုပ်စု၊ ထယ်လှော်ရွာကို စစ်ကောင်စီက ဝင်ရောက်မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တာကြောင့် ရွာခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရင်း တောထဲနဲ့ ချောင်းကမ်းပါးအနားတွေမှာ တဲထိုးနေထိုင်ကြတာဟာ ၂ နှစ်ကျော်ရှိခဲ့ပါပြီ။ အခုလို မိုးကြီးကာ ချောင်းရေလျှံတာကြောင့် နေအိမ်၊ အသုံးဆောင်ပစ္စည်းနဲ့ ရိက္ခာတွေ ရေထဲမျောပါသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

"တရွာလုံးစစ်ရှောင်ပြီး တောထဲနဲ့ ချောင်းကမ်းနားမှာနေကြတယ်။ တဲ ၅ လုံး၊ ဆန်၊ ဆီ၊ စပါး၊ လှည်း၊ အဝတ်အထည်နဲ့ စားစရာတွေ ရေထဲမျောပါသွားတယ်။ စားသောက်နေထိုင်ဖို့ ခက်ခဲနေကြတယ်။ တုပ်ကွေးဖျားနေကြတဲ့သူတွေလည်း များတယ်" လို့ ထယ်လှော်ရွာသားတဦးက ပြောပါတယ်။

၂ ရက်ဆက်တိုက် မိုးရွာသွန်းတာကြောင့် ဂန့်ဂေါမြို့နဲ့ ၁၆ မိုင်ကျော်ဝေးတဲ့ ထယ်လှော်ကျေးရွာတောင်ဘက်က တင်းလဲချောင်းနဲ့ မြောက်ဘက်ရှိ လောင်ဂတ်ချောင်း ၂ ခုစလုံးမှာ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ခဲ့တာပါ။ 

"ရွာမှာ တိုက်ပွဲက ၃ ကြိမ်ဖြစ်တယ်။ ၄ ကြိမ်က မီးရှို့ခံရလို့ နေအိမ် ၅၁ လုံး မီးထဲပါသွားတယ်။ စစ်** တွေ ခဏ ခဏလာလို့  ရွာကို မပြန်ရဲတာပါ။ အခုလည်းတောထဲမှာ တဲထိုး နေကြရတယ်။ အခက်အခဲကတော့ မျိုးစုံတွေ့နေရတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဦးဆောင်သူ ကိုအာကာက ပြောပါတယ်။

ထယ်လှော်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ ၁,၂၀၀ ကျော်ရှိတဲ့ ကျေးရွာတခုဖြစ်ပါတယ်။

ချောင်းရေကြီးတာကြောင့် ထယ်လှော်ရွာမှာ စိုက်ပျိုးထားတဲ့ နှမ်းခင်းတွေလည်း ပျက်စီးကုန်ပြီး တောင်ယာပြင်ရွာနဲ့ မောက်ရွာသွားတဲ့ ကြိုးတံတားမှာ ရေနဲ့မျောပါ ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#သတင်း #မကွေးတိုင်း #ဂန့်ဂေါမြို့နယ် #ထယ်လှော်ကျေးရွာ #ရေကြီး #ချောင်းရေလျှံ #စစ်ကောင်စီ #မီးရှို့ #စစ်ရှောင် #ခက်ခဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10