ဂန့်ဂေါနယ်မှာ PDF တပ်ရင်း ၂၁ ရင်းကို Global Yaw Funding က ချပ်ဝတ်တန်ဆာ အစုံ ၁၆၀ ထောက်ပံ့ပေး

ဂန့်ဂေါနယ်မှာ PDF တပ်ရင်း ၂၁ ရင်းကို Global Yaw Funding က ချပ်ဝတ်တန်ဆာ အစုံ ၁၆၀ ထောက်ပံ့ပေး

မကွေးတိုင်း၊ အမှတ် ၁ စစ်ဒေသနယ်မြေအတွင်းရှိ ဂန့်ဂေါခရိုင်တပ်ရင်းပေါင်း ၂၀ နဲ့ CDF KKG တပ်ရင်း ၆ တို့ကို မတ် ၂ ရက်က ချပ်ဝတ်တန်ဆာ အစုံ ၁၆၀ ထောက်ပံ့ပေးခဲ့တယ်လို့ Global Yaw Funding အဖွဲ့ဆီက သိရပါတယ်။

Global Yaw Funding အဖွဲ့က လစဉ်မန်ဘာကြေး ရရှိငွေတွေနဲ့ ခရိုင်တပ်ရင်း ၁ ရင်းကို ချပ်ဝတ်တန်ဆာ (Equipment) ဝတ်စုံ ၇ ထည်စီ တပ်ရင်း ၂၀ အတွက် ဝတ်စုံပေါင်း ၁၄၀ နဲ့ KKG တပ်ရင်း ၆ အတွက် ဝတ်စုံ ၂၀ စုစုပေါင်း ဝတ်စုံ ၁၆၀ ကို ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

"Equipment က ရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာ နည်းနိုင်သမျှနည်းအောင် ထောက်ပံ့ပေးတာပါ။ ကျည်ကာပေးဖို့လည်း ကြိုးစားနေပါတယ်" လို့ Global Yaw Fundingအဖွဲ့ သတင်းတာဝန်ခံ ကိုပိုင်စိုးက ပြောပါတယ်။

ကျည်ကာပြား ၁ ချပ်ကို ၂ သိန်းကျပ်နှုန်းစျေးရှိပြီး ရဲဘော်တယောက်အတွက် ကျည်ကာပြား ၂ ချပ်ဖိုးငွေ ကျပ် ၄ သိန်းကျော် ကုန်ကျမှာဖြစ်ပြီး ဆက်လက်ထောက်ပံ့ပေးဖို့လည်း လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။

တပ်ရင်းတပ်ဖွဲ့တွေရဲ့ မြေပြင် လိုအပ်ချက်တွေကို ထောက်ပံ့ဖြည့်ဆည်းနိုင်ဖို့ လစဉ်ထောက်ပို့ပေးနေကြတဲ့ အဖွဲ့ဝင်တွေ အများအပြား လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။ 

Global Yaw Funding အဖွဲ့ကို ၂၀၂၂ ဇန်နဝါရီက စတင်ဖွဲ့စည်းခဲ့ရာ ပြည်တွင်းရှိ မြန်မာတွေသာမကဘဲ ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ အမေရိကန်၊ မလေးရှား၊ စင်ကာပူ စတဲ့ နိုင်ငံတကာရောက် ယောသူယောသားများနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ၂၀၂၃ စက်တင်ဘာလမှ စတင်ကာ ဂန့်ဂေါခရိုင်ကွပ်ရဲရေးရုံးနဲ့ ချိတ်ဆက်ပြီး တပ်ရင်းတပ်ဖွဲ့တွေကို ထောက်ပို့နေတဲ့ အဖွဲ့စည်းတခုဖြစ်ပါတယ်။

အဲ့ဒီထောက်ပို့အဖွဲ့က ယောဒေသအတွင်း စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့ သိန်း ၁၀,၀၀၀ (ကျပ်သိန်းတစ်သောင်း)အထက် ရရှိနိုင်ရေးအတွက် ကမ်ပိန်းပြုလုပ်ဖို့ရှိသလို ဖူဆယ်ဘောလုံးပြိုင်ပွဲတွေပါ ကျင်းပပြီး ရန်ပုံငွေရှာဖွေနိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #စစ်ဒေသနယ်မြေ #ဂန့်ဂေါခရိုင် #တပ်ရင်း #CDF #KKG  #ချပ်ဝတ်တန်ဆာ #GlobalYawFunding

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10