ဂန့်ဂေါနယ် လုံဟောရွာသားတချို့ကို စစ်ကောင်စီတပ်က ဓားစားခံအဖြစ်ဖမ်းဆီးထား

ဂန့်ဂေါနယ် လုံဟောရွာသားတချို့ကို စစ်ကောင်စီတပ်က ဓားစားခံအဖြစ်ဖမ်းဆီးထား

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လုံဟောရွာသားတချို့ကို စစ်ကောင်စီတပ်ဖွဲ့က သြဂုတ် ၂၆ ရက် ဒီနေ့ မနက် ၆ နာရီခွဲလောက်မှာ ဓားစားခံအဖြစ်ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဂန့်ဂေါနယ်အခြေစိုက် ခလရ ၅၀ တပ်က စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား ၈၀ နီးပါးနဲ့ လုံဟောရွာမြောက်ဘက်မှာရှိတဲ့ ဝိဂါနတောထဲမှာ တညအိပ်စခန်းချခဲ့ပြီး ဒီနေ့မနက်မှာတော့ လုံဟောရွာထဲကို လက်နက်တွေ ပစ်ခတ်ခြင်းမရှိဘဲ ဝင်ရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက်ကျေးရွာထဲက ဒေသခံ ၁၀ ဦးထက်မနည်း ဓားစားခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဂန့်ဂေါမြို့ခံတဦးက ပြောပါတယ်။

“ဒီနေ့မနက် ရွာထဲမှာ အသုဘရှိတယ်။ သူတို့ဝင်လာတော့ တချို့ကလည်း ပြေးဖို့အချိန် မမီလိုက်တော့ အဖမ်းခံရတာဖြစ်မယ်။ ဖမ်းခံရတဲ့သူတွေက အသက် ၂၀ ဝန်းကျင် နဲ့ ၃၀ ကျော်အရွယ်တွေပါ။ ဘယ်သူတွေလဲဆိုတာတော့ ကျနော်တို့လည်း တိတိကျကျမသိရသေးဘူး။ စကစတွေကလည်း ရွာထဲမှာ ရှိနေတုန်းမို့ပါ” လို့ ဒေသခံတဦးက ဆိုပါတယ်။

ဓားစားခံအဖြစ်ဖမ်းဆီးခံရတဲ့ သူတွေထဲမှာ အမျိုးသမီးဘယ်နှစ်ယောက်၊ အမျိုးသားဘယ်နှစ် ယောက်ဆိုတာကိုတော့ သိသိကျကျမသိရသေးဘူးလို့လည်း သူကဆိုပါတယ်။

အခုလက်ရှိအချိန်မှာတော့ လုံဟောရွာက ဒေသခံတွေ နီးစပ်ရာတောတွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကလည်း လုံဟောရွာက နေအိမ် ၂ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့ပါသေးတယ်။ 

ဂန့်ဂေါမြို့နယ်ထဲမှာ စစ်တပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ချိန် တွေ့တဲ့ဒေသခံတွေကို မထင်ရင်မထင်သလို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးပြီး သတ်ဖြတ်တာတွေရှိသလို တချို့ကိုတော့ မိသားစုဝင်တွေဆီ ဆက်သွယ်ကာ ငွေနဲ့ လူပြန်ရွေးခိုင်းတာမျိုးတွေ လုပ်ဆောင်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်ကလည်း အဖမ်းခံရတဲ့ ဂန့်ဂေါနယ် ရှုံးရှီရွာက ချင်းအမျိုးသားတဦးရဲ့ မိသားစုဝင်တွေဆီ ဆက်သွယ်ပြီး ကျပ်သိန်း ဆယ်ဂဏန်းကျော်နဲ့ လာရွေးခိုင်းခဲ့တယ်လို့လည်း သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါမြို့နယ် #လုံဟောရွာ #ဖမ်းဆီး #စစ်ကောင်စီ #ဓားစာခံ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10