ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာ ရဲစခန်းနားက လူနေအိမ်တွေကို စစ်တပ် မီးရှို့

ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရွာ ရဲစခန်းနားက လူနေအိမ်တွေကို စစ်တပ် မီးရှို့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရွာ ရဲစခန်းနားမှာရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့က စက်တင်ဘာ ၂၃ ရက် ဒီနေ့မနက် ၁၁ နာရီခွဲဝန်းကျင်လောက်မှာ မီးရှို့ဖျက်ဆီးနေတယ်လို့ ယောအလင်းတန်းက ထုတ်ပြန်ထားပါတယ်။

အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဟာ ရွှေဘိုရွာမှာ တညအိပ်စခန်းချခဲ့ပြီး ဒီနေ့မနက်မှာတော့ ရွှေဘိုရွာနဲ့  ၂ မိုင်လောက်ဝေးတဲ့ တောင်ခင်ရန်းရွာထဲကို လက်နက်တွေ ပစ်ဖောက်ပြီးဝင်ရောက်ကာ ရဲစခန်းနားမှာရှိတဲ့ လူနေအိမ်တွေကို မီးရှို့တာဖြစ်တယ်လို့ ယောအလင်းတန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“တလောက Drone အဖွဲ့တွေ Drone နဲ့သွားချတာမှာ တောင်ခင်ရန်း ရဲစခန်းမှူး တဦးသေတယ်လို့ ကြားတယ်။ အဲ့အတွက်ကြောင့် နေအိမ်တွေကို မီးရှို့တာလို့တော့ထင်တယ်။”လို့ သူက ဆိုပါတယ်။

အခုချိန်ထိ စစ်ကောင်စီတွေက ရွာထဲမှာ ရှိနေသေးတဲ့အတွက် အိမ်ခြေဘယ်လောက်မီးထဲပါသွားလဲဆိုတာတော့ မသိရသေးဘူးလို့ သိရပါတယ်။ 

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ တောင်ခင်ရန်းရွာကို လက်နက်ခဲယမ်းတွေ သယ်ဖို့အတွက် ရွှေဘိုရွာက ပြည်သူတချို့ထံက လှည်း ၆ စီးထက်မနည်း ချောဆွဲခဲ့သေးတယ်လို့ ဆိုပါတယ်။ 

အိမ်ခြေ ၁,၂၀၀ ကျော်ရှိတဲ့ တောင်ခင်ရန်းရွာဟာ အခုလိုမီးရှို့ခံရတာ ပထမအကြိမ်ဖြစ်ပြီး စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးတာကြောင့် တောင်ခင်ရန်းရွာသားတွေဟာ ရွာထဲကနေ ရှောင်ပြေးနေတာ တနှစ်နီးပါးရှိပြီလို့ သိရပါတယ်။ 

အခုချိန်ထိလည်း တောင်ခင်ရန်းရွာမှာ ရောက်နေတဲ့စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အနီးနားကျေးရွာတွေဘက်ကို ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။ 

စက်တင်ဘာ ၁၆ ရက်ကလည်း မြောက်ခင်ရန်းကျေးရွာကနေ ၁၂၀ မမလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ မြင်သားရွာထဲကို ကျရောက်သွားပြီး အဲ့ဒီရွာက ကိုစိုးလင်းအောင်နဲ့ မဝေဝေလွင်တို့ ဇနီးမောင်နှံ လက်နက်ကြီး ထိမှန်သေဆုံးသွားသလို ၁၀ နှစ်အောက် ကလေး ၃ ဦး၊ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးလည်း ထိမှန်ဒဏ်ရာရ ရှိသွားပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါမြို့နယ် #တောင်ခင်ရန်းရွာ #ရဲစခန်း #နေအိမ်တွေ #စစ်ကောင်စီ #ပျူစောထီး #မီးရှို့ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10