ဂန့်ဂေါမြောက်ပိုင်းမှာ မြို့နယ် ပအဖ၊ ပကဖအဖွဲ့ကို ဒေသခံတွေ ဆန္ဒပြ (ရုပ်/သံ)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ပအဖနဲ့ ပကဖ အဖွဲ့တာဝန်ခံဖြစ်သူကို အလိုမရှိကြောင်း သြဂုတ် ၂ ရက်မှာ ရပ်ရွာပြည်သူတွေက ပူးပေါင်းဆန္ဒဖော်ထုတ်ခဲ့တယ်လို့ ဦးဆောင်ပါဝင်သူတဦးဆီက သိရပါတယ်။

ဂန့်ဂေါနယ်မြောက်ပိုင်းက ကျေးရွာနေပြည်သူတွေနဲ့ ရပ်ကျေး ပအဖ၊ ပကဖ အဖွဲ့ဝင်တွေအင်အား ၂၀၀ ခန့်နဲ့ မနက် ၇ နာရီခွဲမှာ ကလေး-ဟားခါး-ဂန့်ဂေါ လမ်းဆုံမှ ကြွေးကြော်သံတွေနဲ့ စတင်ချီတက်ကာ မြောက်ပိုင်းနယ်ကားလမ်းတလျှောက် ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ ပြောပါတယ်။

ဂန့်ဂေါနယ်မြောက်ပိုင်းက ကျေးရွာတွေမှာ လူသတ်မှုဖြစ်တာ၊ နိုင်ထက်စီးနင်းလုပ်ခံရတာ၊ အိမ်ထဲဝင်ပြီး စီးနင်းခံရတာတွေကို ပအဖနဲ့ပကဖအဖွဲ့ မြို့နယ်တာဝန်ခံ ဒေါ်ယဥ်မင်းလှိုင်က လူကိုယ်တိုင်လာရောက်ဖြေရှင်းပေတာမျိုးနဲ့ စီမံဆောင်ရွက်ပေးတာမျိုး မရှိခဲ့တာကြောင့် အခုလို ဆန္ဒဖော်ထုတ်ရတာလို့ ဆိုပါတယ်။

"ရွာတွေမှာ ပကဖ စဖွဲ့တုန်းက ရပ်ရွာမှာဖြစ်တဲ့ပြဿနာပေါင်းစုံကို တာဝန်ယူဖြေရှင်းနိုင်တယ်။ နောက်ပိုင်းကျ ပအဖ အဖွဲ့၊ ဖွဲ့စည်းပြီးတော့ ဖြေရှင်းပေးနိုင်တာမျိုးမရှိတော့ဘူး။စစ်တပ်နဲ့ တိုက်ပွဲဖြစ်လို့မသေဘဲ အချင်းချင်းလုပ်ကြံခံရလို့ သေတာတွေရှိတယ်။ စာရေးပြီးအဆင့်ဆင့်တင်ပြတော့လည်း ဖြေရှင်းပေးတာမျိုးမရှိပါဘူး။ ကျနော်တို့နယ်မြေအေး ချမ်းတာ၊ တရားဥပဒေစိုးမိုးတာကိုလိုချင်လို့ အခုလို ဆန္ဒဖော်ထုတ်ရတာပါ" လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဗိုလ်နေမင်းက ပြောပါတယ်။

ကျေးရွာမှာ ပြဿနာတခုဖြစ်လို့ ပကဖနဲ့ ပအဖအဖွဲ့ဝင်တွေက အထောက်အထားအပြည့်အစုံနဲ့ ကျူးလွန်သူကို အရေးယူပေးဖို့ တင်ပြတောင်းဆိုတာတွေလုပ်ခဲ့ပေမယ့်လည်း၊ မြို့နယ်တာဝန်ခံဖြစ်တဲ့ ဒေါ်ယဥ်မင်းလှိုင်က တာဝန်ယူဖြေရှင်းမပေးနိုင်တာတွေကြောင့် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့တာလို့ ဦးဆောင်သူတဦးက ဆိုပါတယ်။

ဆန္ဒဖော်ထုတ်သူတွေက ဂန့်ဂေါမြောက်ပိုင်းကားလမ်းတလျှောက်လမ်းလျောက်ဖော်ထုတ်ခဲ့တာဖြစ်ပြီး၊ ၁၇ မိုင်ကျော်ဝေးတဲ့မွေ့လယ်ကျေးရွာအရောက် နေ့လယ် ၂ နာရီမှာ ဆန္ဒဖော်ထုတ်တာပြီးဆုံးခဲ့တယ်လို့သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဂန့်ဂေါသတင်း #ပအဖ #ပကဖ #ဒေါ်ယဥ်မင်းလှိုင် #ဆန္ဒပြ #မကွေးတိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10