ဂန့်ဂေါမှာ မြေပြိုပျက်စီးသွားတဲ့ တံတားကိုပြန်မဆောက်နိုင်သေးလို့ အရေးပေါ်သွားရရေး စုပေါင်းပြင်ဆင်

ဂန့်ဂေါမှာ မြေပြိုပျက်စီးသွားတဲ့ တံတားကိုပြန်မဆောက်နိုင်သေးလို့ အရေးပေါ်သွားရရေး စုပေါင်းပြင်ဆင်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ကျေးရွာချောင်းကူးတံတားမှာ မြေသားနံရံတွေပြိုကျပျက်စီးခဲ့ပြီး ပြန်လည်တည်ဆောက်ဖို့ ငွေကြေးမတတ်နိုင်တဲ့အတွက် သွားလာရလွယ်ကူဖို့ စက်တင်ဘာလ ၂၀ ရက်မှာ ယာယီပြင်ဆင်နေတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ မိုးရက်ဆက်တိုက်ရွာပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်က မြင်းဇာရွာနဲ့ ကျွဲနန်းရွာအကြား ထုံးကျောက်ချောင်းတံတား မြေသား ၁၅ ပေခန့် ပြိုကြပျက်စီးခဲ့ရာ ပြုပြင်ဖို့ ငွေအခက်အခဲရှိတဲ့အတွက် သွားလာရအဆင်ပြေအောင် ယာယီပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

"မြေသားနံရံတွေကို ကွန်ကရစ်နံရံပြန်လုပ်မှရမယ်။ သိန်း ၁၅၀ ကျော် ကုန်မယ်ဆိုလို့ငွေကြေး မတတ်နိုင်သေးတာပါ။ ပြန်မဆောက်နိုင်သေးတော့ သွားလာလို့ရအောင် ယာယီပြင်ဆင်နေတာပါ" လို့ ကျွဲနန်းရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။


တံတားပြင်ဆင်ရာမှာ လိုအပ်တဲ့ သစ်၊ မျော၊ ဝါး တွေကို ရွာအနီးရှိတောအတွင်းက သယ်ယူကြပြီး ဒေသခံတွေက ကိုယ်ထူကိုယ်ထ ဝိုင်းဝန်းပြီး ပြင်ဆင်ခဲ့တာလို့ သူကဆက်ပြောပါတယ်။

"တံတားမကောင်းလို့ ကျန်းမာရေးကိစ္စနဲ့သွားရတာ အဆင်မပြေကြဘူး။ ကျောင်းသား၊ ဈေးသည်နဲ့ အလုပ်သမားတွေ သွားလာရခက်ခဲနေတယ်။ ရွာသူရွာသားတွေ ငွေစုနေကြပါတယ်" လို့ မြင်းဇာရွာသားတဦးက ပြောပါတယ်။

တံတားပြင်ဆင်ရာမှာ အထွေထွေကုန်ကျစားရိတ် ၆ သိန်းခွဲဝန်းကျင် ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတံတားကို ၂၀၁၉ ခုနှစ်က ကွန်ကရစ်နဲ့တည်ဆောက်ထားရာ ၂၀၂၂ ခုနှစ်မှာ ချောင်းရေကြီးတာကြောင့် ပြိုကြခဲ့ပြီး၊ သံဘေလီတံတားပြန်လည်တည်ဆောက် ထားရာမှာ ဇူလိုင်လနှောင်းပိုင်းက ချောင်းရေကြီးတာနဲ့ ယခု မိုးဆက်တိုက်ရွာတာများပြီး မြေသားနံရံတွေ မခိုင်မာဘဲ ပြိုကြခဲ့တာလို့ ဆိုပါတယ်။ 

အဲဒီတံတားဟာ ဂန့်ဂေါနယ်မြောက်ပိုင်းက ရွာစည်၊ လာပို့၊ မြင်းဇာ၊ ကျွဲနန်း၊ တောင်လယ် ၊လက်ပန်၊ သာကောင်း၊ ရှဉ်းရှည်၊ ချောင်းဆုံ၊ ကန်၊ ကံသာ စတဲ့ကျေးရွာတွေအပြင် ရွာ ၂၀ ကျော်က ပြည်သူတွေအားထားနေရတဲ့ တံတားဖြစ်တဲ့အတွက် အရေးပေါ်ပြင်ဆင်ခဲ့ရတာဖြစ်ပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ချောင်းကူးတံတား #လမ်းပန်းဆက်သွယ် #ကျန်းမာရေး #ပညာရေး #မကွေးတိုင်း #ဂန့်ဂေါ #ကိုယ်ထူကိုယ်ထ #ဒေသခံပြည်သူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10