ဂန့်ဂေါမှာ ချင်းအမျိုးသားတဦးကို စစ်ကောင်စီဖမ်းဆီး

ဂန့်ဂေါမှာ ချင်းအမျိုးသားတဦးကို စစ်ကောင်စီဖမ်းဆီး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက သြဂုတ် ၁၆ ရက် ဒီနေ့မနက် ၆ နာရီကျော်လောက်မှာ ရှုံးရှီရွာက ချင်းအမျိုးသားတဦးကို ဓားစားခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဂန့်ဂေါနယ်အခြေစိုက် ခလရ ၅၀ တပ်က နေ အင်အား ၈၀ ကျော်နဲ့ထွက်လာတဲ့ စစ်ကြောင်းက အနောက်ဂန့်ဂေါရွာနဲ့ ရှုံးရှီရွာကြားမှာရှိတဲ့ စွယ်တော်ရှင်ဘုရားအရောက်မှာ စစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသား ၃ ဦးကို ဖမ်းဆီးစစ်ဆေးပြီး အဲ့ဒီထဲကမှ ချင်းအမျိုးသားတဦးကိုသာ ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

“မနက်က အနောက်ဂန့်ဂေါကို စဝင်တာ။ သူတို့သွားနေကျ စွယ်တောဘုရားဘက်ကို သွားတဲ့လမ်းမှာ အဲ့ဒီကောင်လေး ၃ ယောက် အဖမ်းခံရတာပဲ။ ၂ ယောက်ကတော့ ဘာအထောက်အထားမှ မတွေ့လို့ ဆိုပြီး လွှတ်လိုက်တယ်။ ကျန်တယောက်ကတော့ အထောက်အထားတွေ့လို့ဆိုပြီး ဖမ်းသွားတယ်။ နာမည်ကိုတော့ မပြောပြတော့ဘူး”လို့ အနောက်ဂန့်ဂေါရွာသားတဦးက ပြောပါတယ်။

အဲ့ဒီနောက် စစ်ကြောင်းဟာ ဖမ်းဆီးခံလူငယ်နဲ့အတူ ရှုံးရှီရွာနဲ့ တမိုင်လောက်ဝေးတဲ့ ရှောက်ပင် (အောင်မြင်) ရွာကိုထွက်သွားပြီး လက်ရှိအချိန်ထိ ရွာဘုန်းကြီးကျောင်းမှာ တပ်ချပြီး ချက်ပြုတ်စားသောက်နေတယ်လို့ သိရပါတယ်။  

စစ်ကြောင်းထိုးချိန် ထွက်ပြေးခဲ့ကြတဲ့ အနောက်ဂန့်ဂေါရွာနဲ့ ရှုံးရှီရွာက ဒေသခံတွေကတော့ လက်ရှိမှာ ကျေးရွာထဲမှာ ပြန်လည်နေထိုင်နေကြပြီလို့လည်း ဆိုပါတယ်။  

သြဂုတ် ၉ ရက်ကလည်း အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ဓားစားခံအဖြစ်ဖမ်းဆီးထားတဲ့ အနောက် ဂန့်ဂေါရွာသား ၁ ဦးနဲ့ ရှုံးရှီရွာသား ၃ ဦးတို့ကို တရက်တည်းမှာပဲ သတ်ဖြတ်ခဲ့သလို ရှုံးရှီရွာက နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #စစ်ကောင်စီ #ဖမ်းဆီး #ချင်းအမျိုးသား #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10