ဂန့်ဂေါမှာ စစ်သားနဲ့ပျူတွေ တိုက်ခိုက်ခံရပြီး ၇ ဦးကျော်သေဆုံး၊ ၁၇ ဦးနီးပါး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက သင်တောကျေးရွာကို တပ်စွဲဖို့လာတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကာ စစ်အုပ်စုဘက်က ၇ ဦးကျော် သေဆုံးပြီး ၁၇ ဦးနီးပါး ထိခိုက်ဒဏ်ရာရတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။

ဂန့်ဂေါမြို့နယ် မြောက်ပိုင်းကထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးအင်အားစုတွေက မနက် ၆ နာရီခွဲကနေ နေ့လယ် ၂ နာရီအထိ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"မနက် ၄ နာရီခွဲလောက်မှာ ရွာထဲမှာ ပြည်သူတွေရှိနေတယ်ဆိုတော့ မနက် ၆ နာရီခွဲကစပြီးတော့ နေ့လယ် ၂ နာရီအထိ တိုက်ခိုက်ခဲ့တာ။ စစ်ခွေးနဲ့ ပျူ ၈ ကောင်သေပြီးတော့ ၁၇ ဦးဒဏ်ရာရတယ်လို့ ကျနော်တို့ အတည်ပြုလို့ရတယ်။ စစ်သားနဲ့ပျူတွေက နယ်မြေချဲ့ထွင်တာတွေ လုပ်နေလို့ ကျနော်တို့က ခုခံပြီးတော့ တိုက်ခိုက်ခဲ့တာ။ ကျနော်တို့ တိုက်တဲ့ဒဏ်မခံနိုင်လို့ သူတို့ပြန်ဆုတ်သွားတယ်။" လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဒုတာဝန်ခံက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ သင်တောကျေးရွာကို ရုတ်တရက်ဝင်ရောက်လာတာဖြစ်လို့ ပိတ်မိသွားခဲ့တဲ့ ပြည်သူအချို့ကို ကတုတ်ကျင်းတူးခိုင်းတာ၊ ဘန်ကာတည်ဆောက်ခိုင်းတာတွေ လုပ်ပြီး တပ်စွဲဖို့ပြင်ဆင်ခဲ့ကြတာလို့ အဲ့ဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ABSDF စစ်ကြောင်း ၃ ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

အဲ့ဒီအချိန်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ စုပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေ တနေကုန်နီးပါး ဖြစ်ခဲ့ကြတယ်လို့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ဆိုပါတယ်။ 

" စကစနဲ့ ပျူစောထီး ၇ယောက်ကျတယ်လို့ ကျနော်တို့ သိရတယ်။ ၁၂ ဦးလောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ အထဲမှာကို ဗိုက်မှန်တာတွေ၊ ပေါင်မှန်တာတွေထိကို ပြောပြတဲ့ အမာခံသတင်းပေးတွေဆီက သိရတယ်။" လို့ ရဲဘော် ပြည့်ဖြိုးကျော်က ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်နေချိန် ဟံသာဝတီကျေးရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ၁၂၀ မမ ပစ်ကူပေးလို့ သင်တောရွာက အမျိုးသမီးတဦးသေဆုံးကာ ရွှေဘိုရွာက အမျိုးသားတဦး ဒဏ်ရာရခဲ့သလို CDF KKG ရဲဘော်တဦးလည်း ခြေထောက်ဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က စစ်သားတွေကတော့ ကလေးမြို့ ဒကစကဖြစ်ပြီး ပျူစောထီးတွေကတော့ ဂန့်ဂေါမြို့မြောက်ပိုင်းက ဟံသာဝတီရွာ၊ ကုက်ကားရွာ ၊ မြောက်ခင်ရန်းရွာ၊ ရွှေမြှင့်သာရွာ၊ လယ်ကြီးရွာအရှေ့ရွာ၊ လယ်ကြီးအနောက်ရွာ နဲ့ ဝန်ဝရွာတွေက ဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ၊ ဂန့်ဂေါခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၁၂၊ တပ်ရင်း ၁၄ ကရဲဘော်များ၊ ABSDF စစ်ကြောင်း ၃ ၊ CDF KKG၊ Hyper UAV Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဂန့်ဂေါ #စစ်အုပ်စု #တိုက်ခိုက်ခံရ #စစ်သား #ပျူစောထီး #ထိခိုက် #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10