ဂန့်ဂေါမှာ ဈေးသည်အမျိုးသမီးကို တကိုယ်လုံး အညိုအမဲစွဲတဲ့အထိ ပကဖ၊ ပအဖတွေက ရိုက်နှက် စစ်ဆေး

ဂန့်ဂေါမှာ ဈေးသည်အမျိုးသမီးကို တကိုယ်လုံး အညိုအမဲစွဲတဲ့အထိ ပကဖ၊ ပအဖတွေက ရိုက်နှက် စစ်ဆေး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ လှည့်လည်စျေးရောင်းနေတဲ့ အမျိုးသမီးတဦးကို ကျေးရွာ ပအဖနဲ့ ပကဖအဖွဲ့တွေက ဖမ်းဆီးရိုက်နှက်စစ်ဆေးရာမှာ ခန္ဓာကိုယ်အနှံ့ အညိုအမဲဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကာယကံရှင်အမျိုးသမီးက ပြောပါတယ်။ 

ဖမ်းဆီးရိုက်နှက်ခံရတဲ့ စျေးသည်အမျိုးသမီးဟာ အသက် ၄၀ အရွယ်ခန့်ရှိပြီး ဂန့်ဂေါမြို့ကနေ ကုန်စိမ်းတွေသယ်ယူကာ ကျွဲနန်း၊ လက်ပံ၊ တောင်လယ်၊ ရှင်းကျီ ရွာတွေဘက်မှာ ရောင်းချသလို အဲ့ဒီရွာတွေက ကြက်တွေကို ပြန်လည်ဝယ်ယူကာ ဂန့်ဂေါမြို့ပေါ်မှာ ပြန်လည်ရောင်းချနေတာဟာ ၁၅ နှစ်ခန့် ရှိပြီဖြစ်တယ်လို့ ဒေသခံရွာသားတဦးက ဆိုပါတယ်။

သြဂုတ် ၁၅ ရက် မနက် ၉ နာရီခွဲအချိန်ခန့်က အဲ့ဒီဈေးသည် အမျိုးသမီးဟာ ကျွဲနန်းရွာမှာ ဈေးရောင်းပြီး ခဏနားနေချိန် လူတစုက စစ်ဆေးစရာရှိလို့ဆိုကာ  မျက်နှာကိုအဝတ်နဲ့စည်း၊ လက်ပြန်ကြိုးတုပ်ဖမ်းဆီးခေါ်သွားကာ စစ်ဆေးမေးမြန်းရင်း ရိုက်နှက်ခဲ့တာကြောင့် အခုလို ဒဏ်ရာတွေရရှိခဲ့တာလို့ ကာယကံရှင်အမျိုးသမီးက ဆိုပါတယ်။ 

"ကျမကို သူတို့က သတင်းလာယူတာလား။ စစ်တပ်နဲ့ပြည်သူ့စစ်ကို သတင်းပေးနေတာ မဟုတ်လား ဆိုပြီး မေးတယ်။ မဟုတ်လို့ မဟုတ်ပါဘူးပြောလည်း တအားရိုက်ပါတယ်။ နွားရိုက်တဲ့ ကြိမ်လုံးလို ပုံစံမျိုးဖြစ်မယ်။ ခါးပတ်နဲ့လည်း ဘယ်နှစ်ချက်မှန်း မသိအောင်အရိုက်ခံရတယ်။ ဒဏ်ရာတွေက အခုထိ မပျောက်သေးပါဘူး"လို့ အဲဒီ ဈေးသည်အမျိုးသမီးက မြေလတ်အသံကို ပြောပါတယ်။

ဆိုင်ကယ်တွေနဲ့ လာရောက်ဖမ်းဆီးသူတွေက မျက်လုံးကို အဝတ်စည်း၊ လက်ပြန်ကြိုးတုတ်လျက် ဆိုင်ကယ်ပေါ်တင်ခေါ်သွားပြီး သူတို့နေထိုင်ရာ နေရာကိုရောက်လို့ မြေပြင်မှာ ထိပ်တုံးခတ်ကာ စစ်ဆေးမေးမြန်းရင်း ရိုက်နှက်ခံရတယ်လို့ ဆိုပါတယ်။

အဲ့ဒီလို ရိုက်နှက်စစ်ဆေးခံရတဲ့အတွက် စျေးသယ်အမျိုးသမီးရဲ့ နောက်ကျောပြင်၊ ခါးအထက်ပိုင်း၊ ပေါင်နဲ့ ဘယ်ညာခြေသလုံးတွေမှာ အညိုမဲစွဲ ပြင်းထန်ဒဏ်ရာရခဲ့ပြီး ဆီးခုံတဝိုက်အောင့်နေတဲ့အတွက် ဆရာဝန်ဆီမှာ ဆေးကုသဖို့သွားပေမယ့် ဆရာဝန်က ပကဖ၊ ပအဖတွေ ပြဿနာရှာလာမှာကို စိတ်ပူတဲ့အတွက် ဆေးကုသပေး ဖို့ ငြင်းဆန်ခဲ့တာကြောင့် ဆေးမြီးတိုနဲ့ ကုသနေရတယ်လို့ သိရပါတယ်။ 

ဖမ်းဆီးသွားသူတွေက ဈေးသည်အမျိုးသမီးကို ညနေ ၄ နာရီကျော်လောက်မှာ ကျွဲနန်းရွာက မိတ်ဆွေအိမ်ကို ပြန်ပို့ပေးခဲ့တယ်လို့ ကာယကံရှင် အမျိုးသမီးက ဆိုပါတယ်။ 

ဈေးသည်အမျိုးသမီးကို ဖမ်းဆီးသွားပြီး ရိုက်နှက်စစ်ဆေးတယ်လို့ဆိုတဲ့ ဂန့်ဂေါမြို့နယ်၊ လက်ပံရွာက ပအဖတာဝန်ခံဦးဝင်းအောင်ကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ - 

"သတင်းပေးတဲ့သူက ကျနော်တို့လက်ပံရွာ ပအဖကိုပြောတယ်။ အဲ့ဒါနဲ့ ပကဖအဖွဲ့ကို အကြောင်းကြားတော့ ပကဖ အဖွဲ့ကဖမ်းပါတယ်။ ကျန်တာက စစ်ကြောရေးက စစ်ဆေးတာပါ။ ဘယ်စစ်ကြောရေးလဲဆိုတာတော့ ကျနော်လည်း မသိဘူးဗျ။ ဖမ်းပေးပါဆိုလို့ ဖမ်းပေးရတာပါ။ ပြန်လွှတ်လိုက်ပြီ ပြောတယ်" လို့ ဆိုပါတယ်။ 

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒီလိုကိစ္စတွေကို ကိုင်တွယ်ရာမှာ ပေးလာတဲ့သတင်းအချက်အလက်ကို ပုဂ္ဂိုလ်ရေးမုန်းတီးမှုအရ ပေးတာလားဆိုတာမျိုးကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သေချာစစ်စီပြီးမှ ဆုံးဖြတ် ချက်ချသင့်တယ်လို့ ဒေသကာကွယ်ရေးရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ  

#မကွေးတိုင်း၊ #ဂန့်ဂေါမြို့နယ် #လက်ပံကျေးရွာ #ဈေးသည် #ပကဖ #ပအဖ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10