ဂန့်ဂေါမှာ တောင်သူတွေ သွင်းအားစုစားရိတ်မနိုင်လို့ ပဲယင်းအထွက်နှုန်းကျ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါနယ်မြောက်ပိုင်းက ကျေးရွာတွေမှာ ယခုနှစ် ဖေဖော်ဝါရီလနှောင်းပိုင်း ပဲယင်းသီးနှံပေါ်ချိန်မှာ အထွက်နှုန်းလျော့ကျခဲ့တယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

ဂန့်ဂေါနယ်မြောက်ပိုင်းက မောက်လင်းရွာ၊ လာပို့ရွာ၊ မောက်ရွာ၊ တောင်ယာပြင်ရွာ၊ ကန်ရွာ၊ လက်ပံရွာ စတဲ့ကျေးရွာ ၁၀ ရွာကျော်မှာ ပဲယင်းသီးနှံစတင်စိုက်ချိန်မှာ သွင်းအားစု ကုန်ကျစားရိတ်တွေ မသုံးစွဲနိုင်တဲ့အတွက် အထွက်နှုန်းတွေလျော့ကျခဲ့တာလို့ ဆိုပါတယ်။

သွင်းအားစုစားရိတ်အနေနဲ့ ယခင်နှစ်က တမနက်လုပ်အားခ ၃၀၀၀ ကျပ်ပေးရပြီး ယခုနှစ် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်၊ ပိုးသတ်ဆေးနဲ့ အပင်အားဆေးဖိုး တဧကကို ယခင် ၂၅၀၀၀ ကျပ်မှ ယခုနှစ် ၅၅၀၀၀ ကျပ်၊ တဧကထွန်ယက်ခ ယခင် ၃၅၀၀၀ ကျပ်မှ ယခုနှစ် ၄၅၀၀၀ ကျပ်၊ မျိုးဘိုး ယခင် ၉၀၀၀၀ ကျပ်မှ ယခုနှစ် ၁၁၀၀၀၀ ကျပ်၊ ဒီဇယ်တဂါလံ ၉၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ စျေးနှုန်းတွေမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

ကုန်စျေးနှုန်းတွေ မြင့်တက်နေသော်လည်း ပဲယင်းသီးနှံတွေကို နိုဝင်ဘာလလယ်ပိုင်းမှာ စတင် စိုက်ပျိုးကြပြီး သက်တမ်း ၃ လခန့်အကြာ ဖေဖော်ဝါရီလလယ်ပိုင်းမှာ စတင်ရိတ်သိမ်းနေကြရာ ယခင်နှစ်ကတင်း ၂၀ ကျော်ထွက်ရှိရာ ယခုနှစ် ၁၅ တင်းအောက်သာ ထွက်ရှိတယ်လို့ တောင်သူတွေက ဆိုပါတယ်။

မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းတခုကိုသာ လုပ်စရာရှိတဲ့ တောင်သူတွေအတွက် အထွက်နှုန်းလျော့ကျလို့ စီးပွားမဖြစ်ပေမယ့် စားဝတ်နေရေးအဆင်ပြေကာမိစေဖို့ မဖြစ်မနေစိုက်ပျိုးနေကြရတယ်လို့ ပြောကြပါတယ်။

ယခုနှစ်အတွက် ပဲယင်း တတင်း ၇၀၀၀၀ ကျပ်နှုန်းပေါက်စျေးရှိပြီး ပွဲစားတွေကလာဝယ်ကြသလို တချို့တောင်သူတွေကတော့ ဂန့်ဂေါမြို့ပေါ်ကို တင်ပို့ရောင်းချကြတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #ကောက်ပဲသီးနှံ #အထွက်နှုန်းလျော့ကျ #ပဲယင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10