ဂန့်ဂေါမှာ ဓါးစားခံ ရွာသား ၄ ဦးကို သတ်သွားသလို နေအိမ် ၁ လုံးလည်း မီးရှို့ဖျက်ဆီးခံရ

ဂန့်ဂေါမှာ ဓါးစားခံ ရွာသား ၄ ဦးကို သတ်သွားသလို နေအိမ် ၁ လုံးလည်း မီးရှို့ဖျက်ဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ဓါးစားခံအဖြစ်ဖမ်းဆီးထားတဲ့ ရွာသား ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက သတ်ဖြတ်သွားသလို နေအိမ်တလုံးကိုလည်း မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၉ ရက် မနေ့က အနောက်ဂန့်ဂေါရွာ စွယ်တော်ရှင်ဘုရား နဲ့ စွယ်တော်ရှင်ကျောင်းမှာ တညအိပ်စခန်းချသွားတဲ့ ခလရ ၅၀ က အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဓါးစားခံ အဖြစ်ဖမ်းဆီးထားတဲ့ ဒေသခံ ၁ ဦးကို မနေ့ညနေပိုင်းလောက်မှာ သတ်ဖြတ်လိုက်တယ် လို့ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီနေ့ နေ့လယ် ၂ နာရီလောက်မှာတော့ အနောက်ဘက်ဂန့်ဂေါရွာနဲ့ အနီးနားရွာဖြစ်တဲ့ ရှုံးရှီရွာထဲကိုဝင်ရောက်လာပြီး အဲ့ဒီရွာက ဒေသခံ ၃ ဦးကို ထပ်မံသတ်ဖြတ်ခဲ့သလို နေအိမ် ၁ လုံးကိုမီးရှို့ဖျက်ဆီးလိုက်တယ်လို့လည်း ဂန့်ဂေါမြို့နယ်ဒေသခံတဦးက ပြောပါတယ်။

“ သူတို့တွေဘယ်လိုအဖမ်းခံလိုက်ရပြီး သတ်ဖြတ်ခံလိုက်ရလဲဆိုတာတော့ ကျနော်တို့လည်း တိတိကျကျမသိရသေးဘူး။ ဒီနေ့လည်း မီးရှို့ခံရတဲ့ အိမ်က ဘယ်သူ့အိမ်လဲဆိုတာတော့ မသိရှိရသေးပါဘူး။ စစ်ကောင်စီတပ်ဖွဲ့တွေကလည်း ရှုံးရှီးရွာမှာ တညအိပ်စခန်းချမဲ့ပုံပေါ်တယ်။ အခုချိန်ထိရွာထဲကနေ မထွက်ရသေးဘူး ” လို့ ဆိုပါတယ်။

အနောက်ဂန့်ဂေါရွာကိုဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေထဲမှာ  ဇူလိုင် ၂၇ ရက်က ခလရ ၅၀ တပ်ထဲကို ထွက်ပြေးခိုလှုံသွားတဲ့ ယော ပကဖအဖွဲ့ဝင် ကိုဖိုးခွားရဲ့ သတင်းပေးမှုကြောင့် ဒေသခံတွေ အခုလို ဖမ်းဆီးခံရတာဖြစ်နိုင်တယ်လို့လည်း ဂန့်ဂေါမြို့နယ် ဒေသခံတဦးက ဆက်ပြောပါတယ်။

“ ခလရ ၅၀ တပ်ထဲပူးပေါင်းလိုက်တဲ့ အဲ့ဒီ ဖိုးခွားက လမ်းပြပြီးတော့မှ  အနောက်ဂန့်ဂေါရွာ ဝင်လာတယ်။ သူ့လမ်းရည်ညွှန်ချက်ကြောင့် အဖမ်းခံရတာတွေလည်းပါတယ်။ ပေါ့လျှော့မှုလည်း ပါမှာပေါ့ ” လို့ ဆိုပါတယ်။

အခုလက်ရှိအချိန်ထိ စစ်ကောင်စီစစ်ကြောင်းဟာ ရှုံးရှီးရွာထဲမှာပဲ ရှိနေသေးတဲ့အတွက် ရှုံးရှီးရွာအပါအဝင် အနောက်ဂန့်ဂေါရွာနဲ့ ဇဟောရွာ စတဲ့ကျေးရွာကဒေသခံ ပြည်သူ ၂၀၀၀ နီးပါး နီးစပ်ရာကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရ ပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မကွေးတိုင်း #ဂန့်ဂေါ #စစ်ရှောင် #ဒေသခံ #စစ်ကောင်စီ #ဓါးစားခံ #ဖမ်းဆီး #သတ်ဖြတ် #ခလရ၅၀ #နေအိမ် #မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10