ဂန့်ဂေါမှာ ဖမ်းဆီးခံ ဒေသခံတွေကို စစ်တပ်က ငွေနဲ့ပြန်ရွေးခိုင်းတာတွေ လုပ်နေ

ဂန့်ဂေါမှာ ဖမ်းဆီးခံ ဒေသခံတွေကို စစ်တပ်က ငွေနဲ့ပြန်ရွေးခိုင်းတာတွေ လုပ်နေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းက ဒေသခံတွေကို စစ်ကောင်စီတပ်သားတွေက ဓါးစာခံအဖြစ်ဖမ်းဆီးပြီး ငွေနဲ့ပြန်လည်ရွေးယူခိုင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စစ်တပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ချိန် တွေ့တဲ့ဒေသခံတွေကို မထင်ရင်မထင်သလို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးပြီး သတ်ဖြတ်တာတွေရှိသလို အချို့ကိုတော့ ကျန်မိသားစုဝင်တွေဆီ ဆက်သွယ်ကာ ငွေနဲ့ လူပြန်ရွေးခိုင်းတာမျိုးတွေ လုပ်နေတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်မှာလည်း အဖမ်းခံထားရတဲ့ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီရွာက ချင်းအမျိုးသားတဦးရဲ့ မိသားစုဝင်တွေဆီ ဆက်သွယ်ပြီး ကျပ်သိန်း ဆယ်ဂဏန်းကျော်နဲ့ လာရွေးခိုင်းခဲ့တယ်လို့ သိရပါတယ်။ 

“စစ်ကောင်စီက မင်းရွာမှာနေတုန်းက ပြန်ရွေးရမယ့် ငွေကြေးကိုပြောတော့ မိသားစုတွေက သူတို့ပြောတဲ့ ပမာဏအတိုင်း လွှဲပေးလိုက်တယ်။ မင်းရွာကနေ ပြန်ထွက်လာတော့ နောက်ထပ် ငွေကြေးတခု ထပ်ပေးမှ ပြန်လွှတ်ပေးမယ်ပြောလို့ မိသားစုတွေက ထပ်ပြီး ငွေလွှဲပေးလိုက်ရတယ်” လို့ ဂန့်ဂေါမြို့ခံတဦးက ပြောပါတယ်။ 

အဆိုပါချင်းအမျိုးသားကို သြဂုတ် ၁၆ ရက်မှာ စစ်ကောင်စီတပ်တွေက အနောက်ဂန့်ဂေါရွာနဲ့ ရှုံးရှီရွာအကြားရှိ စွယ်တော်ရှင်ဘုရားအရောက်မှာ ဓားစာခံအဖြစ် ဖမ်းဆီးသွားပြီးနောက် ခုလို ငွေနဲ့ပြန်ရွေးခိုင်းခဲ့တာ ဖြစ်ပါတယ်။

အလားတူ ဖြစ်စဥ်မျိုးတွေဟာ ဂန့်ဂေါနယ်အတွင်းမှာ မကြာခဏဖြစ်နေပေမယ့် ငွေ အမြောက်အမြားပေးပြီး ပြန်ရွေးရတာက ဒီတကြိမ် ပထမဆုံးဖြစ်တယ်လို့လည်း အထက်ပါမြို့ခံက ပြောပြပါတယ်။ 

ခုလိုဖြစ်စဥ်တွေ ဖြစ်နေတဲ့အတွက် ဒေသခံတွေအနေနဲ့လည်း စစ်ရေးသတိအမြဲရှိပြီး စစ်ကြောင်းထိုးလာတဲ့ သတင်းကိုလည်း နားစွင့်ထားကြပါလို့ ဆိုပါတယ်။  

သြဂုတ် ၉ ရက်ကလည်း အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ဓားစားခံအဖြစ်ဖမ်းဆီးထားတဲ့ အနောက်ဂန့်ဂေါရွာသား ၁ ဦး နဲ့ ရှုံးရှီရွာသား ၃ ဦးတို့ကို တရက်တည်းမှာပဲ သတ်ဖြတ်ခဲ့ပြီး ရှုံးရှီရွာက နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

စာတည်း -  လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #စစ်ကောင်စီ #ဖမ်းဆီး #ငွေတောင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10