ဂန့်ဂေါအခြေစိုက် ခလရ ၅၀ က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံတဦးသေဆုံး

ဂန့်ဂေါအခြေစိုက် ခလရ ၅၀ က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံတဦးသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါအခြေစိုက် ခလရ ၅၀ တပ်ထဲကနေ သြဂုတ် ၂၇ ရက်မနေ့ ညနေ ၅ နာရီလောက်မှာ ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာ ဒေသခံအမျိုးသားတဦး ထိမှန်သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဂန့်ဂေါမြို့နယ်၊ ရှုံးရှီရွာအနီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်နေချိန် ခလရ ၅၀ တပ်ကနေ လက်နက်ကြီးပစ်ခတ်ပေးခဲ့တာဖြစ်ပြီး အဲ့ဒီလက်နက်ကြီးက အထက်ပါ ဒေသခံတွေကို ထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ 

စိုင်ဒူးရွာက အမျိုးသားတဦး သေဆုံးခဲ့ကာ စိုင်ဒူးရွာက နောက်ထပ် အမျိုးသား ၂ ဦးနဲ့ ရှုံးရှီရွာက အမျိုးသားတဦး၊ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တာပါ။ အားလုံးက အသက် ၃၀ အရွယ်တွေဖြစ်ပြီး နာမည်တွေနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။ 

“နာမည်တွေကိုတော့ ပြောလို့မရဘူး။ ဒဏ်ရာရသွားတဲ့သူတွေက သက်လတ်ပိုင်းတွေပါပဲ။ လက်နက်ကြီးထိပြီး သေဆုံးသွားတဲ့ သူကိုလည်း သင်္ဂြိုဟ်ပေးလိုက်ပါပြီ။ လက်နက်ကြီးတွေနဲ့ ၆ နာရီအထိ ပစ်နေတာ။ လက်နက်ကြီးပစ်တဲ့နေရာနဲ့ ရွာတွေနဲ့က ၅ ဖာလုံလောက်ပဲ ရှိတယ်။” လို့ ဂန့်ဂေါမြို့ခံတဦးက ပြောပါတယ်။ 

လက်ရှိမှာ ပစ်ခတ်မှုတွေ ငြိမ်နေပြီး စစ်ကောင်စီတပ်တွေကတော့ အင်အား ၈၀ လောက်နဲ့ ရှုံးရှီရွာအနီးရှိ စွယ်တော်ရှင်မြောက်ကျောင်းမှာ ကင်းချတပ်စွဲထားတယ်လို့ သိရပါတယ်။ 

ခုလိုတပ်စွဲနေတဲ့အတွက် အနောက်ဂန့်ဂေါရွာ၊ ရှုံးရှီရွာ၊ စိုင်ဒူးရွာက ဒေသခံတွေဟာ နီးစပ်ရာကျေးရွာတွေနဲ့ တောတွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #ဂန့်ဂေါ #ခလရ၅၀ #စစ်ကောင်စီ #လက်နက်ကြီးပစ် #တိုက်ပွဲ #အမျိုးသားသေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10