ငဖဲကစစ်ရှောင်တွေကို ၉ လအတွင်း ကျပ်သိန်း ၂,၆၀၀ ကျော်ထောက်ပံ့ခဲ့

ငဖဲကစစ်ရှောင်တွေကို ၉ လအတွင်း ကျပ်သိန်း ၂,၆၀၀ ကျော်ထောက်ပံ့ခဲ့

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းကစစ်ဘေးရှောင်တွေကို ၉ လအတွင်း ကျပ်သိန်းပေါင်း ၂၆၀၀ ကျော် ထောက်ပံ့ပေးခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ်၊ Asho Chin Defence Force - ACDF ဆီက သိရပါတယ်။

ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသရှိကျေးရွာ ၁၃ ရွာက တိမ်းရှောင်နေကြတဲ့ အိမ်ထောင်စု ၃၉၆ စု၊ လူဦးရေ  ၂,၁၇၈ ဦးကို စုစုပေါင်းငွေကျပ် ၂၆၉,၁၄၂,၂၀၀ ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။ 

"မိသားစုလူဦးရေ အနည်းအများအလိုက် ရတဲ့ငွေပမာဏကွာခြားတာမျိုး ရှိပါတယ်။ နောက်ပိုင်း ထောက်ပံ့တဲ့ငွေများတာမျိုးလည်း ရှိတယ်။" လို့ ACDF တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

၂၀၂၄ ဧပြီကနေ ဒီဇင်ဘာလကုန်အထိ ၉ လတာအတွင်း အရှိုချင်းကာကွယ်ရေးတပ်နဲ့ ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က သွားရောက်ထောက်ပံ့ပေးခဲ့တာပါ။ 

အဲ့ဒီထောက်ပံ့ငွေတွေကိုတော့ ပြည်တွင်းပြည်ပအလှူရှင်တွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လုပ်ငန်းရှင်တချို့က လှူဒါန်းတာလို့ သိရပါတယ်။ 

စစ်ရှောင်မိသားစုတွေ ကျန်းမာရေးကုသနိုင်ပေးနိုင်ဖို့နဲ့ ကလေးငယ်တွေစာသင်ကြားနိုင်ဖို့ကိုလည်း ကူညီပြင်ဆင်ပေးထားတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက ဆက်ပြောပါတယ်။

အဲ့ဒီစစ်ဘေးရှောင်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးပစ်ခတ်တာ၊ နေအိမ်မီးရှို့တာနဲ့ ကျေးရွာအနီးတိုက်ပွဲဖြစ်တာတွေကြောင့် ၂၀၂၃ ဒီဇင်ဘာလကစပြီး စစ်ရှောင်နေရသူတွေဖြစ်တယ်လို့ ACDF တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ငဖဲ #စစ်ဘေးရှောင် #ထောက်ပံ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10