သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲကိုဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ အရှိုချင်း ကာကွယ်ရေးတပ် - ACDF က ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြန်လာပါတယ်။
အမ်းမြို့နယ်ဘက်ကနေထွက်ပြေးလာတယ်လို့ ယူဆရတဲ့ တပ်မ ၉၉ မှစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ကို ဇန်နဝါရီ ၁၉ ရက်ညနေ ၅ နာရီခန့်က ငဖဲမြို့နယ်ကလမ်းပိုင်းတနေရာမှာ တပ်စိပ် ၂ စိပ်ခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"သူတို့ထွက်ပြေးလာတာကြိုသိလို့ ၂ ဖွဲ့ခွဲစောင့်နေတာပါ။ လက်နက်မချဘဲ ခုခံပစ်ခတ်တော့ တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်က ၃ ယောက်ကျတယ်" လို့ အရှိုချင်းကာကွယ်ရေးတပ် - ACDF သတင်းတာဝန်ခံ ဆလိုင်းခနီလေဗွေ ကပြောပါတယ်။
တိုက်ပွဲဖြစ်ချိန် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ၃ ဦးသေဆုံးကာ ၁၂ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သူကဆက်ပြောပါတယ်။
ဒီတိုက်ပွဲအတွင်း သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ MA 1 သေနတ် ၃ လက်၊ ကျည်ဘောက်အပို ၂ ခု၊ ကျည်ဆန်တွေနဲ့အတူ တပ်မ ၉၉ ဘက်တံဆိပ်ပါ အင်္ကျီ ၁ ထည်၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အရှိုချင်းကာကွယ်ရေးတပ် - ACDF အနေနဲ့ မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီကိုတိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ်အတွင်း စစ်သား ၅၂ ဦးဖမ်းဆီးမိခဲ့ပြီး အားလုံးကိုလွတ်မြောက်နယ်မြေမှာ ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်မှာလည်း အမ်းမြို့ဘက်ကထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ချင်းကာကွယ်ရေးတပ် အရှို (CDF - Asho) တို့ ငဖဲမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီး စစ်သား ၁၂ ဦးအရှင်ဖမ်းမိကာ သေနတ် ၁၅ လက်၊ စိန်ပြောင်း ၁ လက်၊ ခဲယမ်းမျိုးစုံနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။
ပုံစာ - သိမ်းဆည်းရတဲ့ လက်နက်ခဲယမ်းနဲ့စစ်အသုံးအဆောင်ပစ္စည်းတွေကို တွေ့ရစဥ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ငဖဲ #တိုက်ခိုက် #သေဆုံး #လက်နက်ရ
Share Share Share